ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ပြီး စစ်ရေးလေ့ကျင့်မှုများ မကြာခဏ ပြုလုပ်နေသည်ဟု ဒေသခံမျက်မြင်များက ဆိုကြသည်။
ထို့အပြင် စစ်ကားကြီးများ၊ နေဗီများ၊ လေယာဥ်များအသုံးပြုပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်ဖြူ စသည့်မြို့နယ်များတွင် စစ်သည်၊ လက်နက်နှင့် ရိက္ခာဖြည့်တင်း ပြင်ဆင်စစ်ရေးလှုပ်ရှားမှုများလည်း ပြုလုပ်နေကြောင်းလည်း ဆိုကြသည်။
စစ်ကောင်စီဘက်က စစ်ရေးလေ့ကျင့်မှုများ ပေါ်ပေါ်ထင်ထင်ထပ်ကာ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဒေသခံများနှင့် ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်နေသူများက ဆိုသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့ နယ်၊ ကမ်းနီရှိ စစ်ကောင်စီ၏ အမှတ် (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းဝင်းထဲတွင် နှစ်ပတ်အတွင်း နှစ်ကြိမ်အထိ ပြုလုပ်ပြီးပြီဖြစ်သည်ဟု ဆိုကြသည်။
ထို စစ်ကောင်စီသင်တန်းကျောင်းမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်၊ နံနက်က တစ်ကြိမ်၊ ဒီဇင်ဘာလ ၂၀ ရက်၊ ယနေ့နံနက်တွင် တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ် အချက်ပေါင်းများစွာ ပစ်ခတ်လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောကြသည်။
” ဒီနေ့ နံနက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း တစ်ကြိမ် အဲဒီလိုပဲ ပစ်ခတ်လေ့ကျင့်ခဲ့တာပါ” ဟု ထိုနေရာအနီးတွင် နေထိုင်နေသည့် ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထို ပစ်ခတ်လေ့ကျင့်မှုများကို ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်ခန့်မှ ၈ နာရီကျော်အထိ လက်နက်ကြီးအချက်ပေါင်း ၃၀ ဝန်းကျင်နှင့် လက်နက်ငယ်အချက်ပေါင်း တစ်ရာခန့်အထိ အသုံးပြုပစ်ခတ်ခဲ့သည်ဟု ဆိုကြသည်။
” တိုက်ပွဲဖြစ်နေတဲ့သလိုမျိုး ပစ်ခတ်တာပါ။ လက်နက်ကြီးတွေလည်း တစ်လုံးပြီးတစ်လုံး ပစ်တာပါ။ သေနတ်သံတွေလည်း အများကြီးကြားရပါတယ်” ဟု ထို စစ်ကောင်စီကျောင်းအနီးရှိ ဒေသခံနောက်တစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ပစ်ခတ်လေ့ကျင့်မှုကို တိုင်းဗဟို (၉) အရှေ့ဘက်တောင်တန်းများသို့ ပစ်ခတ်ခဲ့ပြီး ကျရောက်ပေါက်ကွဲသည်ကိုလည်း မြင်တွေ့ကြရသည်ဟု ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တကျော့ရခိုင်ပြန်တိုက်ပွဲကို ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့က ယာယီအပစ်ရပ်လိုက်ကြသည်။
ယင်းသို့ အပစ်ရပ်မှုကို ရက္ခိုင့်တပ်တော် (AA) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ဟု တရားဝင်ထုတ်ဖော်ပြောဆိုပြီး ဒေသခံရခိုင်တောင်သူလယ်သမားများ၏ မိုးစပါးများကို ကူညီရိတ်သိမ်းပေးနေကြောင်း ရုပ်သံဖိုင်များနှင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး ကမ်းထိုးရေယာဥ်၊ နေဗီကြီးများ၊ စစ်ရဟတ်ယာဥ်များဖြင့် လက်နက်ရိက္ခာစစ်သည်များအား ပို့ဆောင်ဖြည့်တင်းနေသည့်အပြင် တပ်စခန်းအသစ်များ တည်ဆောက်ခြင်း၊ စစ်ရေးလေ့ကျင့်မှုများပါ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်သူများနှင့် ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ လှုပ်ရှားမှုများသည် နှစ်ဖွဲ့သဘောတူညီချက်များနှင့် စစ်စည်းကမ်းကျင့်ဝတ်များကို မလိုက်နာသည့်အပြင် တိုက်ပွဲခေါ်နေသော စစ်ဘီလူးအပြုအမူများဖြစ်သည်ဟုလည်း ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
” စစ်တပ်က အင်အားဖြည့်တာ၊ တပ်စခန်းအသစ်ဆောက်တာ၊ လက်နက်ကြီးစခန်းတွေ တည်တာ၊ စစ်ရေးလေ့ကျင့်နေတာတွေဟာ စစ်ဘီလူးအပြုအမူဖြစ်တယ်။ ဒါဟာနှစ်ဖွဲ့သဘောတူညီချက်တွေ၊ စစ်စည်းကမ်းကျင့်ဝတ်တွေကို မလိုက်နာတာ။ ပြောရမယ့်ဆိုရင် အေအေကို တိုက်ပွဲခေါ်နေတာပေါ့” ဟု ရခိုင်အခြေစိုက် ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက MPA သို့ ပြောသည်။
ထို အမှတ် (၉) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို ၂၀၂၀ ပြည့်နှစ်၊ မတ်လက ရက္ခိုင့်တပ်တော် (AA)မှ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။
ရက္ခိုင့်တပ်တော် (AA) က ရခိုင်အပစ်ရပ် ကာလ ရေရှည်တည်တန့်ရေးမှာ စစ်ကောင်စီ၏ ပြုမူလုပ်ဆောင်ပြောဆိုမှုများအပေါ်တွင် မူတည်နေသည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။
ရခိုင်တွင် ယာယီအပစ်ရပ်ထားချိန် စစ်ကောင်စီက ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းရှိ ကုလားတန်းမြစ်ဘေးတွင် ရေကြောင်းစစ်ဘေးစခန်းသစ်တစ်ခုကို အခိုင်အမာတည်ဆောက်ပြီး ကမ်းထိုးရေယာဥ်များဖြင့် စစ်ဆေးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟုလည်း ခိုင်လုံသည့် သတင်းအရင်းမြစ်များက ဆိုကြသည်။
ထို့အပြင် မောင်တောမြောက်ပိုင်းတွင်လည်း စခန်းများအခိုင်အမာ ပြန်လည်တည်ဆောက်ပြီး လက်နက်ကြီးများတည်ကာ အင်အားရာချီဖြင့် တိုက်ပွဲဝင်ရန် အသင့်အနေအထားပြုလုပ်ထားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက ဆိုကြသည်။
တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အထိုင်စခန်းများအပါအဝင် တပ်စခန်း ၃၀ နီးပါးကို အေအေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအပါအဝင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။