အပစ်ရပ်ထားသည့် ရခိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်ကားများ၊ ကုန်တင်ရေယာဥ်များနှင့် ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မငွေတောင်းယူနေသည်ဟု ဆိုကြသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက် ယာယီအပစ်ရပ်လိုက်ပြီးနောက် စစ်ကောင်စီပိတ်ဆို့ တားမြစ်ထားသည့် လမ်းပန်းဆက်သွယ်ရေးများကို ပြန်ဖွင့်ပေးခဲ့သည်။
သို့သော်လည်း ထိုလမ်းများတွင် စခန်းချနေထိုင်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုလမ်းများကို အသုံးပြုသွားလာနေကြသည့် ကုန်နှင့် ခရီးသည်များထံမှ အတင်းအဓမ္မငွေတောင်းယူနေကြခြင်းဖြစ်သည်ဟု ကိုယ်တိုင်ပေးခဲ့ရသူများက ဆိုကြသည်။
” အမ်းကနေ မောင်တောရောက်အောင်ထိ ဂိတ်အားလုံးလိုလိုမှာ ပိုက်ဆံပေးရပါတယ်။ ပိုက်ဆံမပေးရင် အကြောင်းအမျိုးမျိုးပြပြီး အချိန်ကြာအောင်လုပ်ထားပါတယ်။ လူကြီးတွေ တောင်းခိုင်းတာလားတော့ မသိဘူး” ဟု ရန်ကုန်မြို့မှ မောင်တောနယ်စပ်ကုန်သွယ်ရေးသို့ ကုန်ကားမောင်းနေသူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ရန်ကုန်-စစ်တွေ-မောင်တောလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်အများအပြားရှိရာ အမ်း၊ ကျောက်တော်၊ ရေချမ်းပြင်နှင့် အင်းဒင်စစ်ဆေးရေးဂိတ်များတွင် ပိုမိုတင်းကျပ်စွာ စစ်ဆေးပြီး ပိုက်ဆံများ မပေး၍မရအောင် တောင်းနေသဖြင့် ဖြတ်သွားတိုင်းပေးနေကြရသည်ဟု ကားသမားများက ဆိုသည်။
ထိုအပြင် စစ်တွေမြို့သို့ အခြားမြို့နယ်များမှ ရေလမ်းဖြင့်လာရောက်သည့် ကုန်တင်ရေယာဥ်များ၊ ခရီးသည်တင်ရေယာဥ်များလည်း စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းဝင်ဝရှိ စစ်ကောင်စီရေတပ်ကို ပေးနေရပြီး ကုလားတန်မြစ်ထဲရှိ နေဗီများမှလည်း တောင်းယူနေကြောင်း ဆိုကြသည်။
ထိုသို့ တောင်းစားနေရာတွင် ရေယာဥ်အကြီးအသေး၊ ပါလာသည့် ကုန်ပစ္စည်းများအပေါ်မူတည်ပြီး သုံးသောင်းကျပ်မှ ကျပ်တစ်သိန်းကျော်အထိ ပေးနေကြရကြောင့်လည်း အတည်ပြုပြောကြသည်။
” လက်ဖက်ရည်ဖိုး ပေးပါလို့တောင်းပေမယ့် ငါးထောင်၊ တစ်သောင်းပေးရင် လက်မခံပါဘူး။ ပိုက်ဆံနည်းရင် အမျိုးမျိုးရစ်ပြီး အချိန်ကြာအောင်လုပ်နေပါတယ်။ အနည်းဆုံး သုံးသောင်း၊ ငါးသောင်းပေးလိုက်မှ ခရီးသည်တွေကိုလည်း မရစ်တော့ပါဘူး” ဟု ခရီးသည်တင်ရေယာဥ်တစ်စင်းမှ MPA သို့ ပြောသည်။
ထို့အပြင် ရန်ကုန်မှ ရခိုင်သို့ စက်ယန္တရားများ ဝယ်ယူလာပါက ပြည်နယ်လုံနယ်၏ ခွင့်ပြုချက်လက်မှတ်ကို တောင်းခံသည့်အပြင် ငွေပါထပ်တောင်းနေကြောင်းနှင့် ထို လုံနယ်ခွင့်ပြုလက်မှတ်ရရန်အတွက် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် စစ်ကောင်စီရုံးသို့ သွားရောက်ပြီး အနည်းဆုံး ငါးသောင်းကျပ်အထိပေးကာ ယူနေရကြောင်းလည်း ရခိုင်မှလုပ်ငန်းရှင်အချို့က ဆိုကြသည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီပိတ်ဆို့တားမြစ်ထားသည့် မြို့ချင်းဆက် ကားလမ်း ၄ ခုနှင့် ရေလမ်း ၆ ခုရှိခဲ့သည်။ ထိုအထဲမှ ကားလမ်း ၃ ခုနှင့်ရေလမ်း ၅ ခုကိုသာပြန်ဖွင့်ပေးပြီး နောက်ထပ် ကားလမ်းတစ်ခုနှင့် ရေလမ်းတစ်ခုကို ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
ရခိုင်တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ဆန်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို သယ်ယူခွင့်ကန့်သတ်ထားပြီး ငွေပေးပါက အကန့်အသတ်ဖြင့် ခွင့်ပြုပေးကြောင်းလည်း ဆိုကြသည်။ ယခင်က စစ်ကောင်စီစောင့် ဂိတ်အချို့တွင် ယခုကဲ့သို့ ငွေတောင်းယူမှုများရှိခဲ့ပြီး လက်ရှိတွင် ဂိတ်နေရာအားလုံးက ပိုမိုတောင်းယူလာကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။