ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ တောင်သုံးလုံးကျေးရွာ၌ မပေါက်ကွဲသေးသည့် လက်နက်အကြွင်းအကျန်ကို ယူဆော့ရာမှ ကလေးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့(မတ် ၃ရက်)၊ မွန်းလွဲ ၁နာရီခွဲခန့်က TNLA ထိန်းချုပ်ထားသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၄၃ အနီးရှိ တောတွင်းတစ်နေရာ၌ မပေါက်ကွဲသေးသည် M-9 လက်နက်ကြီးကျည်အား ညီအကိုနှစ်ဦးက ယူဆော့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ အဲ့ဒီနားက တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဖြစ်တယ်။ ကလေးတွေဆိုတော့ ဘာမှ မသိဘူးလေ၊ ကစားစရာထင်ပြီး ယူဆော့ လိုက်တာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံပို့လိုက်ပြီ” ဟု အဆိုပါဖြစ်စဉ် အား သွားရောက်ကြည့်ရှု့ခဲ့သည့် အမျိုးသားတစ်ဦးကပြောသည်။
လက်နက်အကြွင်းအကျန်အား ဆော့ကစားရာမှ သေဆုံးခဲ့သည့် ကလေးသည် အသက် ၁၄နှစ်အရွယ် မောင်ထွန်းထွန်းဝင်းဖြစ်ပြီး၊ ဒဏ်ရာရရှိခဲ့သူသည် ၎င်း၏ ညီဖြစ်သူ အသက် ၁၁နှစ်အရွယ် မောင်ပုရစ်ဖြစ်ကာ လက်ရှိ လားရှို့မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသနေကြောင်း သိရသည်။
နမ္မတူမြို့အား TNLA က သိမ်းပိုက်ထားနိုင်သော်လည်း လက်ရှိအချိန်ထိ မြို့တစ်ခုလုံးအား မိုင်းရှင်းလင်းရေး မလုပ်ဆောင်နိုင်သေးသဖြင့် လက်နက်အကြွင်းအကျန်များကို သတိပြုနေထိုင်ရကြောင်း တောင်သုံးလုံးဒေသခံများက ပြောသည်။
“ တိုက်ပွဲငြိမ်နေပေမဲ့ လက်နက်အကြွင်းအကျန်တွေကရှိနေသေးတော့ ရှင်းပေးစေချင်တယ်။ လက်နက်ကြီးတွေ၊ မိုင်းတွေ့ရင် ဘယ်လိုလုပ်ရမလဲ မသိဘူးလေ၊ ကလေးတွေဆိုတော့ ပိုပြီး ဆော့ဖိုပဲသိတာ အဲ့ဒါကြောင့် မိုင်းနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ လုပ်စေချင်ပါတယ်” ဟု နမ္မတူမြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနှင့် လက်နက်အကြွင်းအကျန်များကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၇ ဦးအထိရှိကာ၊ဒဏ်ရာရရှိသူ ၂၀နီးပါးရှိပြီဖြစ်ကြောင်းလည်း အချက်အလက်များအရသိရသည်။