မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၃နှစ်အတွင်း ရွှေဆိုင်နှင့် ဘဏ်များကို ပစ်မှတ်ထားသည့် ဓားပြမှု ၈၂ခုအထိ ရှိလာကြောင်း Data For Myanmar ၏ စာရင်းများအရ သိရသည်။
ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် ဓားပြမှု အများစုသည် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် အနီးအနားနေရာများ၌ပင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ပြည်သူများကလည်း ဆိုသည်။
“ မန်းမြို့ဈေးဆိုတာက မန္တလေးမြို့အလယ်လို့ ပြောလို့ရတယ်။ အဲဒီလို နေရာမျိုးမှာတောင် ဓားပြမှုက ဖြစ်သွားတယ်။ တစ်ခါတောင် မဟုတ်ဘူး။ အဲဒီနေရာ အနီးနားဝန်းကျင်ကို နှစ်ခါတောင် ဓားပြတိုက်တာတွေ ဖြစ်သွားခဲ့တာပါ” ဟု မဟာအောင်မြေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ရက်တွင်လည်း မန်းမြို့ဈေးအနီးရှိ ဆယ်သန်းရွှေဆိုင်တွင် ဓားပြမှုဖြစ်ပွားခဲ့ကာ ရွှေနှစ်ပိဿာကျော်နှင့် ငွေသား သိန်း၂၀၀ကျော်ခန့် ပါသွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဓားပြမှုများဖြစ်ပွားနေသောကြောင့် ရွှေဆိုင်ပိုင်ရှင်များမှာ စိုးရိမ်ထိတ်လန့်နေကြပြီး လုံခြုံရေး ၀န်ထမ်းများ တိုးမြင့်ခေါ်ယူနေရကြောင်း သိရသည်။
” မနက်ခင်းရော ၊ နေ့ခင်းကြောင်တောင်တွေရောပါ ဖြစ်နေတော့ ဆိုင်ကို အတော်သတိထားနေရတယ်။ နောက်ပြီး လုံခြုံရေးဝန်ထမ်းတွေလည်း ထပ်ခန့်နေရတယ်။ အခုက လူစိမ်းဆိုရင်ကို ကြောက်နေရသလို ဖြစ်နေပြီ “ ဟု မန္တလေးမြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ရွှေဆိုင်လုယက်မှုဖြစ်စဉ်များသည် ၂၀၂၂ခုနှစ် မေလမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီအထိ တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ခန့် ဖြစ်ပွားနေပြီး ဘဏ်အဆောက်အဦးအတွင်း ဓားပြတိုက်မှု ၂၅မှုနှင့် ရွှေဆိုင်အတွင်း ဓားပြတိုက်မှု ၅၇ မှုရှိခဲ့ကြောင်း Data For Myanmar ၏ စာရင်းများအရ သိရသည်။
Data for Myanmar အနေဖြင့် ယခုကောက်ယူခဲ့သည့် စာရင်းများတွင် လူနေအိမ်၊ စျေးဆိုင်၊ လမ်းပေါ်နှင့် ယာဉ်ပေါ်များ၌ လုယက်မှု၊ ဓားပြတိုက်မှုများကို ထည့်သွင်းဖော်ပြထားခြင်းမရှိသဖြင့် ယခုဖြစ်စဉ်များပါ ရေတွက်မည်ဆိုပါက ဓားပြတိုက်မှုသည် ၈၂မှုထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။
ဘဏ်နှင့် ရွှေဆိုင်များကို ဓားပြတိုက်သည့် ၈၂ မှုအနက် မန္တလေးမြို့တွင် ၁၂ခါဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး၊ ရန်ကုန်တွင် ၆ခါဖြင့် ဒုတိယ၊ ဖားကန့်တွင် ၃ခါဖြင့် တတိယအများဆုံး ဓားပြတိုက်ခံရသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့နေရာ အနှံ့အပြားတွင် လုယက်ဓားပြတိုက်မှုများ အပါအဝင် လောင်းကစားဝိုင်းများ ပြုလုပ်နေမှုနှင့် လူသတ်မှုများ ပိုမိုဖြစ်ပွားလာသော်လည်း စစ်ကောင်စီတပ်က ဖမ်းဆီးအရေးယူခြင်းများ မရှိသလောက် နည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။