စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လုယက်မှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ များပြားလာခြင်းကြောင့် လုပ်ငန်းရှင်အချို့သည့် အခြားမြို့များသို့ရွှေ့ပြောင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ လူနေနည်းတဲ့ ဘက်တွေမှာအဖြစ်များတယ်။ မြို့ထဲက အချမ်းသာဆုံးအိမ်တွေဘဲ လုပ်ယက်ခံရ၊ ဓားပြတိုက်ခံနေရတာ၊ အခုလိုလုပ်တာလဲ ပျူစောထီးနဲ့ စစ်သားတွေပဲလေ” ဟု မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ယခုလမှစတင်ကာ မုံရွာမြို့ပေါ်အတွင်း နေ့စဉ်နှင့်အမျှ လုယက်ခံရမှုများဖြစ်ပေါ်နေသဖြင့် ပြည်သူများလည်း စိုးရိမ်လျက်ရှိကြောင်း သိရသည်။
“ ဖေဖော်ဝါရီ ၂၀ရက်က အိမ်စီးကား ၂စီးနဲ့ လူ၇ယောက် ဆိုင်ရှေ့ကိုလာတယ်။ မင်းတို့ဘာအလုပ်လုပ်တယ်ဆိုတာသိတယ်။ ဒီမှာ ရေနံတူးတဲ့ သူတွေရှိတာသိတယ်။ မသေချင်ရင် တောင်းတာပေးဆိုပြီး ငွေသိန်းတစ်ထောင် တောင်းတယ်” ဟု ကိုယ်တိုင်ကြုံတွေခဲ့ရသူ မုံရွာမြို့၊ သလ္လာရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။
သလ္လာရပ်ကွက်တွင် ဓားပြတိုက်ခဲ့သူများသည် ၎င်းတို့ စီးနင်းလာသည့် ကားနံပါတ်ပြားကို ဖုံးအုပ်ထားပြီး၊ ၎င်းတို့ ပြောစကားများအရ ပျူစောထီးများဖြစ်သည်ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု သလ္လာရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆက်လက်ရှင်းပြသည်။
ထို့ပြင် မုံရွာမြို့အတွင်း လမ်းသွား၊ လမ်းလာများနှင့် ကားသမားများထံမှ ဓားပြတိုက်၊ လုယက်မှုများရှိသည့်အပြင် အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံမှုများလည်းရှိနေကြောင်း ဒေသခံများကဆိုသည်။
ယခုကဲ့သို့ လုပ်ဆောင်နေခြင်းများသည် စစ်သား၊ ရဲ၊ ပျူစောထီးနှင့် ထောင်ထွက်များသာဖြစ်နိုင်ကြောင်း မုံရွာမြို့တွင် ကုန်တင်ကားမောင်းနေသည့် အမျိုးသားတစ်ဦးက ၎င်း၏ ထင်မြင်ချက်ကိုပြောသည်။