ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ကညနရုံးအနောက်ဘက်ရှိ မှုခင်းရဲတပ်ဖွဲ့အိမ်ယာတွင် ဗုံး ၈လုံးပေါက်ကွဲပြီးနောက် တစ်ဦးသေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (ဖေဖေါ်ဝါရီ ၂၃ရက်)၊ မနက် ၄နာရီကျော်ခန့်က ဗုံး၈လုံးဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း Pyay Underground News -PUGN မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒီစစ်ဆင်ရေးကို ပြုလုပ်သွားတဲ့အဖွဲ့ကတော့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ရဲ့ လက်အောက်ခံ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုကလို့ ကျွန်တော်တို့သိထားတယ်ဗျ၊ ဗုံး ၈ လုံး ခွဲတယ်။ ၈ လုံးမှာ အသံမိုင်း ၄ လုံးနဲ့ လက်လုပ် ၄ လုံးကို တွဲသုံးထားတယ်တဲ့၊ အဲ့ဒါကြောင့်လဲ သူတို့ အထိအခိုက်အတော်များသွားတာဖြစ်တယ်။ ကြားတာတော့ တစ်ယောက်သေတယ်။ ၁၀ယောက်ထက်မနည်းဒဏ်ရာအပြင်းထန်ရသွားလို့ကုတင်၁၀၀ဆေးရုံ ခေါ်သွားတယ်လို့ကြားတယ်ဗျ”ဟု ၎င်းက ဆိုသည်။
အဆိုပါစစ်ဆင်ရေး မလုပ်ဆောင်ခင် မှုခင်းရဲတပ်ဖွဲ့အား ဗုံးဖြင့်တိုက်ခိုက်မည်ကို တော်လှန်ရေးရဲဘော်များက ကြိုတင် အကြောင်းကြားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
“သူတို့ က သတင်းကြိုရနေတော့ နဝဒေးတံတားမှာ မနေ့ကတည်းက (ဖေဖေါ်ဝါရီ ၂၂) စစ်ဆေးမှုတင်းကျပ်နေတာ၊ ဖြတ်သွားတဲ့လူတွေအားလုံး မှတ်ပုံတင်ပြရတယ်။ လက်မှတ်ထိုးခိုင်းတယ်။ ပြီးမှဖြတ်သန်းခွင့်ပြုတာ၊ ဒီကြားထဲက ရအောင်လုပ်ဆောင်သွားတဲ့ တော်လှန်ရေးရဲဘော်တွေက လေးစားစရာ” ဟု၎င်းက မှတ်ချက်ပြုပြောဆိုသည်။
ထိုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မှုခင်းရဲတပ်ဖွဲ့အိမ်ယာအတွင်းသို့ လူနာတင်ကား ၄စီးဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံတစ်ဦးကပြောသည်။
“ မြို့ထဲကတောင်ကြားရတယ်တဲ့၊ မြေတောင်တုန်တယ်။ လူနာတင်ကားတွေက အရေးပေါ်အသံမဖွင့်ဘဲမောင်းသွားတာ၊ ပြန်ထွက်လာတော့လည်း အဲဒီလိုပဲ၊ အခုမနက်လည်း စစ်ဆေးမှု နည်းနည်းကျပ်နေတယ်။ အရင်လမ်းမတော်လမ်း အလယ်မှာ သံစူးကြိုးတွေဖယ်ထားတယ်။ အခုပြန်ချထားတယ်။ ဆိုင်ကယ်တစ်စီးစာ ကားတစ်စီးစာမောင်းရုံလောက်ပဲဖွင့်ပေးထားတယ်။ ပြီးတော့ အဲဒီနား(မှုခင်းရဲတပ်ဖွဲ့အိမ်ယာ)က ထွန်းဟိုတယ်ကိုလည်း စစ်သားတွေ၊ ရဲတွေအများကြီး ဝင်စစ်တယ်တဲ့၊ အဖမ်းခံရတယ်အသံတော့မကြားဘူး” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက် ညပိုင်းတွင်လည်း ပြည်မြို့၊ မူယာပင်ရပ်ကွက်၊ မြို့တော်ခန်းမအနီးရှိ တည်းခိုခန်းများကို စစ်ကောင်စီက စစ်ဆေးခဲ့ပြီး၊ လာရောက်တည်းခိုးသည့် ရခိုင်တိုင်းရင်းသားများကို AA နှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သေးသည်။