ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)၊ တပင်ရွှေထီးလမ်း၊ ရွှေညောင်ပင်မှတ်တိုင်အနီးရှိ Xi Yan တရုတ်စားသောက်ဆိုင်ကို ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၉ နာရီဝန်းကျင်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း DarkShadow တပ်ဖွဲ့၏ တာဝန်ရှိသူက MPA ကို ပြောသည်။
အဆိုပါစားသောက်ဆိုင်ကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Xi Yan တရုတ်စားသောက်ဆိုင်၏ တာဝန်ရှိသူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေခြင်းကြောင့် ယခုကဲ့သို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ အဲ့ဒီဆိုင်က တပ်ထဲကလူတွေ ခဏခဏလာထိုင်တယ်။ ဆိုင်ပိုင်ရှင်ကလည်း စစ်တပ်ကို သတင်းပေးတယ်။ လှိုင်သာယာ ပျူစောထီးတွေနဲ့လည်း ပတ်သက်နေတာကြောင့် ကျွန်တော်တို့ အခုလို ဆောင်ရွက်ခဲ့တာပါ။ အထိအခိုက်ကတော့ သေချာမသိရသေးပါဘူး” ဟု DarkShadow တပ်ဖွဲ့၏ တာဝန်ရှိသူကရှင်းပြသည်။
အဆိုပါဆိုင်အား ဖောက်ခွဲတိုက်ခိုက်မှုကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရှိရသည်။
“ အထိအခိုက်ရှိတယ်လို့တော့ မကြားမိဘူး။ပေါက်ကွဲတာကလည်း ဆိုင်နားလေးလို့ပဲ သိရတယ်။ ဒီတိုင်းအသံထွက်ရုံလောက်ပဲလုပ်သွားတာဖြစ်မယ်” ဟု လှိုင်သာယာမြို့နယ်အတွင်းနေထိုင်သူ တစ်ဦးကပြောသည်။
ယခုလအတွင်းတွင် DarkShadow တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပစ်မှတ် ၅ ခုထက်မနည်းကို ဆက်တိုက် တိုက်ခိုက်နိုင်ခဲ့ပြီး ပြည်သူများဖြတ်သန်းသွားလာမှုကြောင့် ဖျက်သိမ်းခဲ့ရသည့် Mission များရှိကြောင်းလည်း သိရသည်။
“ ဆိုင်ကတော့ အထိအခိုက် မရှိဘူး။ ဆိုင်နားက နေအိမ်ကတော့ တံခါးမှန်တွေ ကွဲသွားတယ်။ စစ်တပ်နဲ့ နွယ်တယ်လို့တော့ တိတိကျကျ မသိထားပါဘူး။ ဆိုင်ကဖွင့်ထားတာ မကြာသေးဘူးဆိုပေမယ့် လာတဲ့လူတွေကတော့ သူဌေးတွေကြီးပဲ” ဟု ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညပိုင်းကလည်း လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)ရှိ စစ်ကောင်စီ၏ ရဲတပ်ရင်း ၉ နှင့် စုပေါင်းရုံးတို့ကို DarkShadow တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။