By MPA 011
ထောင်ဝင်စာပစ္စည်းပေးပို့မှုကိုပိတ်ပင်လိုက်သဖြင့် မန္တလေးအိုးဘိုထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအနေနှင့် အစားအသောက်နှင့်ဆေးဝါးများ အခက်အခဲဖြစ်လာနိုင်သည်ဟု ၎င်းတို့နှင့်နီးစပ်သူများက ပြောဆိုလျက်ရှိသည်။
အကျဉ်းသားများအတွက် ယခင်က တစ်ပတ်လျှင်တစ်ကြိမ် ထောင်ဝင်စာပစ္စည်းများပေးပို့နိုင်သော်လည်း လက်ရှိတွင် ထောင်ဝင်စာပေးခြင်းကို ပိတ်ပင်လိုက်သည့်အတွက် ပစ္စည်းပေး၍မရတော့ကြောင်း အကျဉ်းသားမိသားစုဝင်များကလည်း ညည်းတွားပြောဆိုကြသည်။
ယမန်နေ့က ရန်ကုန်မြို့တော်ရှိ အင်းစိန်အကျဉ်းထောင်တွင် ပါဆယ်ပုံးမှတဆင့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းထောင်ဝန်ထမ်းများအပါအဝင် လူရှစ်ဦးသေဆုံးကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီးနောက် အိုးဘိုထောင်တွင် ထောင်ဝင်စာပစ္စည်းပေးပို့ခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
“အခုတော့ ဘာပစ္စည်းမှပေးလို့မရတော့ဘူး။ တခုခုထူးရင်တော့ အကြောင်းကြားပေးမယ်လို့ပဲပြောတယ်” ဟု အိုးဘိုအကျဉ်းထောင်သို့ ထောင်ဝင်စာပေးပို့နေသူတစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်၌ အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်သည့် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) အမှုများကိုသာ ထောင်တွင်းစစ်ဆေးနေပြီး အကြမ်းဖက်ပုဒ်မများဖြင့်စွဲဆိုခံရသူများကိုမူ ခရိုင်တရားရုံးတွင် ရုံးထုတ် စစ်ဆေးနေသည်ဟု တရားရေးနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။
“အရင်က ခရိုင်ရုံးမှာ ရုံးတက်လာရင် ပစ္စည်းနည်းနည်းပါးပါးပေးလို့ရတယ်။ အခုတော့ သိပ်မရတော့ဘူး”ဟု ၎င်းက ရှင်းပြ သည်။
အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဖိနှိပ်မှုများရှိနေပြီး ဆေးဝါးကုသမှုမရသည့်အတွက် သေဆုံးမှုများလည်း ရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများက ထောင်တွင်းပေးစာများဖြင့် ထုတ်ဖော်ပြောဆိုထားသည်။
ပြီးခဲ့သော ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဒုတိယဥက္ကဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိအချိန်၌ အိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်သည့် နိုင်ငံရေးအကျဉ်းသားများလည်း အိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။