ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးအား ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တရားရုံးမှ မတရားစွဲဆိုထားသော ၅၀၅ (ခ) ပုဒ်မဖြင့် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံး၌ အပြီးသတ်အမိန့်ချရာ ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချလိုက်ကြောင်း သိရသည်။
ကိုဝေယံဖြိုးမိုးသည် ကျောက်တံတား၊ ကမာရွတ်၊ မရမ်းကုန်း တရားရုံးများမှ မတရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က) အမှု ၂ ခု၊ ငြိမ်းစုစီပုဒ်မ အမှု ၂ ခုနှင့် ၅၀၅ (ခ) ပုဒ်မတို့အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် စုစုပေါင်း ၇ နှစ်နှင့် ၃ လ မတရားအမိန့်ချမှတ်ခြင်းခံရသည်။
“ဖက်ဆစ်တပ်အနေနဲ့ ဗကသဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကို အခုလို မတရားအမိန့်ချမှတ်တာအပြင် ပြည်သူလူထုအပေါ် ကျူးလွန်ထားတဲ့ မတရားဖမ်းဆီး၊ အကျဉ်းချ၊ နှိပ်စက်သတ်ဖြတ်၊ လုယက်မုဒိန်းကျင့်၊ ရွာမီးရှို့တဲ့ အစရှိတဲ့ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုလုပ်ရပ်တွေဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တယား ဆိုတာတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်။ ဒီကျူးလွန်မှုအတွက် တနေ့မှာ ပြည်သူလူထုရဲ့ ပြစ်ဒဏ်စီရင်မှုကို စစ်အာဏာရှင်တွေအနေနဲ့ မဖြစ်မနေခံကြရမှာပါ။ ဒီအတွက်လည်း ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ တောင်ပေါ် မြေပြန်ဒေသအသီးသီးက ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်နေကြတဲ့ အင်အားစုတွေနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု အလုံးစုံလွတ်မြောက်ရေးအတွက် ဆုံးခန်းတိုင်အောင် တိုက်ပွဲဝင်သွားမှာပါ။” ဟု ဗကသ အဖွဲ့၀င်တစ်ဦးကဆိုသည်။
ဗကသများအဖွဲ့ချုပ်၏ ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးသည် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့၌ GSC (ပူးပေါင်း) သပိတ်စစ်ကြောင်းအား အကြမ်းဖက်ပစ်ခတ် ဖြိုခွဲခံရချိန်တွင် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရပြီး အင်းစိန်ထောင်တွင်း မတရားချုပ်နှောင်ခံထားရချိန် တလျှောက်လုံးတွင်လည်း ထောင်တွင်းညှဉ်းပမ်းနှိပ်စက်မှုများ အကြိမ်ကြိမ်ခံခဲ့ရသည်။
၂၉/၁၂/၂၀၂၁
ကျောက်တံတားတရားရုံး
၅၀၅ (က) ၂ နှစ်
ငြိမ်းစုစီ ၁ လ
၂၈/၂/၂၀၂၂
ကမာရွတ်တရားရုံး
၅၀၅ (က) ၃ နှစ်
၂၇/၄/၂၀၂၂
မရမ်းကုန်းတရားရုံး
ငြိမ်းစုစီ ၂ လ
၂၈/၉/၂၀၂၂
မရန်းကုန်းတရားရုံး
၅၀၅ (ခ) ၂ နှစ်