အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဩဂုတ်လ ၁ ရက်နေ့၊ အိမ်ဖြူတော်တွင် ပြောကြားသည့် မိန့်ခွန်းတွင် အယ်ကိုင်းဒါး အကြမ်းဖက်ခေါင်းဆောင်တစ်ဦးကို ဒရုန်းဖြင့် ရှင်းလင်းခဲ့ကြောင်း အသိပေးသည်ဟု Aljazeera သတင်းဌာနက ဖော်ပြသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “သူ့ကို စစ်မြေပြင်ကနေ ဖယ်ရှားပစ်မယ့် တိကျတဲ့ တိုက်ခိုက်မှုတစ်ခုအတွက် ကိုယ်တိုင် ခွင့်ပြုထားတာပါ” ဟု ပြောကြားခဲ့သည်။
အသက် (၇၁) နှစ်အရွယ်ရှိပြီဖြစ်သည့် အကြမ်းဖက်ခေါင်းဆောင် ဇာဝါဟီရီ ဆိုသူသည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ထင်ရှားသည့် ၉/၁၁ တိုက်ခိုက်မှုတွင် အိုစမာဘင်လာဒင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သူ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု ဆိုသည်။
၎င်းအနေဖြင့် အိုစမာဘင်လာဒင်၏ ကိုယ်ရေးကိုယ်တာ ဆရာဝန်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။ CNN သတင်းဌာန၏ ဖော်ပြချက်တွင် ဇာဝါဟီရီ ပုံးအောင်းနေထိုင်နေသည့် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်က အိမ်ကို ဒုံးကျည် ၂ စင်းနှင့် စနေနေ့က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဇာဝါဟီရီနှင့် ပတ်သက်၍ အမေရိကန် သမ္မတ ဂျိုဘိုင်ဒင်က “ အမေရိကန်မြေပေါ်က လူ ၂၉၇၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ တိုက်ခိုက်မှု ၉/၁၁ အစီအစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တဲ့ တာဝန်အရှိဆုံးသူပါ။ သူဟာ ဆယ်စုနှစ်များစွာကြာ အမေရိကန်တွေအပေါ် တိုက်ခိုက်မှုများအတွက် ချုပ်ကိုင်ခဲ့သူဖြစ်တယ်။ အခုတော့ တရားမျှတမှု ရှိလာပါပြီ။ ဒီအကြမ်းဖက်ခေါင်းဆောင်က မရှိတော့ဘူး။ ကမ္ဘာတဝန်းက လူတွေဟာ ရက်စက်တဲ့ လူသတ်သမားကို ကြောက်စရာ မလိုတော့ဘူး”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
၉/၁၁ တိုက်ခိုက်မှုတွင် အိုစမာဘင်လာဒင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့သူ ဇာဝါဟီရီသည် အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) က အလိုရှိနေသည့်သူတစ်ဦးဖြစ်ပြီး ဆုငွေ အမေရိကန် ဒေါ်လာ ၂၅ သန်း အထုတ်ခံရသူလည်းဖြစ်သည်။