ထိန်းချုပ်မှုမဲ့စွာနှင့် ကမ္ဘာ့မြေပေါ်ပြန်ကျလာသည့် တရုတ်နိုင်ငံပိုင် ဒုံးပျံအပိုင်းအစများသည် အန္တရာယ်ရှိနိုင်သည့် အခြေအနေဖြစ်၍ စိုးရိမ်မှု ဖြစ်နေကြကြောင်း Global News သတင်းဌာနက ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် long March 5B ဒုံးပျံကို ဇူလိုင်လ ၂၄ ရက်နေ့၊ တနင်္ဂနွေနေ့က အာကာသထဲသို့ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယခုလို ကမ္ဘာမြေပေါ် ပြန်လည်ပျက်ကျလာခဲ့ခြင်းဖြစ်သည်။
ဒုံးပျံအပိုင်းအစများသည် မည်သည့်နေရာသို့ ပျက်ကျမည်ကို အတိအကျမသိရှိသေးသော်လည်း Aerospace ၏ ခန့်မှန်းချက်များအရ အပိုင်းအစများကျရောက်နိုင်သည့် ဖြစ်နိုင်ချေရှိသော နေရာများအဖြစ် အမေရိကန်၊ အာဖရိက၊ သြစတြေးလျ၊ ဘရာဇီး၊ အိန္ဒိယနှင့် အရှေ့တောင်အာရှတို့ကို ထည့်သွင်းထားသည်။
တရုတ်၏ ဒုံးပျံအစိတ်အပိုင်းများသည် လာမည့် ဇူလိုင်လ ၃၁ ရက်နေ့အစောပိုင်းတွင် ကမ္ဘာမြေပေါ် ကျရောက်လာနိုင်မည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။
ဒုံးပျံအပိုင်းအစများ ပြန်ကျလာမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘက်က အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေသလို အန္တရာယ်ရှိနေသည့် အခြေအနေမဟုတ်ကြောင်း အသိပေးထားသည်။ ယင်းသို့အဖြစ်အပျက်များမှာ ဖြစ်လေ့ဖြစ်ထရှိကြောင်းလည်း တရုတ်နိုင်ငံဘက်က အသိပေးထားသည်။
Global News ၏ ဖော်ပြချက်အရ လူလုပ်ဒုံးပျံများ၏ အပျက်အစီးများထိမှန်၍ လက်ရှိအချိန်ထိ လူသေဆုံးမှုမရှိသေးကြောင်း ဖော်ပြထားသည်။