ကျော်ကိုကို
ဒီကနေ့ တော်လှန်ရေးကာလမှာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးအင်အားစုတိုင်းက ဝိုင်းပြီး ဆန့်ကျင်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ဒါပေမယ့် နှစ်နှစ်နီးပါးကြာတဲ့အထိ တော်လှန်ရေးအင်အားစုတွေဘက်က အလေးသာပြီး အောင်ပွဲခံမယ့် အရိပ်အယောင်တွေကို မတွေ့ရှိရသေးပါဘူး။
အခုချိန်မှာ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ တိုးတက်လာပြီလား၊ မတိုးတက်သေးဘူးလား၊ဆုတ်ယုတ်နေတာလား စသဖြင့် တိကျတဲ့ အခြေအနေသုံးသပ်ချက်တခုခုကို မဖြစ်မနေလုပ်ဖို့လိုအပ်လာပါပြီ။တိုးတက်နေတယ်ဆိုရင် ဒီထက်ပိုတိုးတက်လာအောင် မဟာဗျုဟာတွေချမှတ်ဖို့လိုအပ်ပါမယ်။မတိုးတက်သေးဘူးဆိုရင်လည်း တိုးတက်လာအောင် မဟာဗျုဟာတွေချမှတ်ဖို့လိုအပ်လာပါမယ်။ဒီလိုမှမဟုတ်ဘဲ အခြေအနေတွေ ဆုတ်ယုတ်နေတယ်ဆိုရင်တော့ ဘယ်လိုပြန်လည်ပြင်ဆင်ရမယ်ဆိုတဲ့ဗျုဟာတွေ ချမှတ်ဖို့လိုအပ်လာပါလိမ့်မယ်။
တော်လှန်ရေးအခြေအနေသုံးသပ်ချက်
တော်လှန်ရေးရဲ့ အဓိကနည်းလမ်းက လက်နက်ကိုင်တိုက်ပွဲနည်းလမ်းဖြစ်ပါတယ်။အခြားနည်းလမ်းတွေက အစပိုင်းမှာ အဓိကဖြစ်ခဲ့ပေမယ့် လက်နက်ကိုင်နည်းလမ်းကို အဓိကအဖြစ် ရွေးချယ်လိုက်ချိန်မှာတော့ လူထုဆန္ဒပြပွဲတွေ၊သပိတ်တိုက်ပွဲတွေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေဟာ အရန်လမ်းကြောင်းအဖြစ် ကူးပြောင်းရောက်ရှိသွားပါတော့တယ်။အရန်လမ်းကြောင်းကမှတဆင့် တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားမယ့် အလားအလာတွေကို တွေ့ရှိနေရပါတယ်။
တော်လှန်ရေးရဲ့ အဓိကအတွေးအခေါ်က လက်နက်နဲ့ ခုခံတိုက်ပွဲဝင်ရေးတခုတည်းကိုပဲ အထူးအာရုံစိုက်လာကြတာကိုတွေ့ရပါတယ်။ဒီအတွေးအခေါ်အောက်မှာ လက်နက်ရရှိရေးသာအဓိက၊စစ်တိုက်ရေးသာအဓိကဆိုတဲ့ အယူအဆတွေကို ရှေ့တန်းတင်လာတာကို တွေ့ရပါတယ်။တော်လှန်ရေးအင်အားစုတွေရဲ့ကြားမှာ လူထုစည်းရုံးရေး၊ဝါဒဖြန့်ချီရေး၊နိုင်ငံရေးအတွေးအခေါ်တည်ဆောက်ရေးတွေကို သိပ်မတွေ့ရဘဲ လက်နက်ကိုင်တိုက်ဖို့ လက်နက်လူသူစုဆောင်းတာနဲ့ လက်နက်ဝယ်ဖို့ ရန်ပုံငွေအသည်းအသန်ရှာဖွေတာကိုပဲ အဓိကလုပ်နေတာကို တွေ့ရပါတယ်။
ဒီနွေဦးတော်လှန်ရေးရဲ့ အဓိကအတွေးအခေါ်နဲ့ အဓိကလုပ်ဟန်နည်းနာ နှစ်မျိုးစလုံးဟာ တော်လှန်ရေးတခုရဲ့ အတ္တဘာဝရုပ်သဘော ( Subjective matters)တွေ ချို့တဲ့နေဆဲပဲလို့ပြောရပါမယ်။ဆိုလိုတာ တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်ချက်တွေကြီးကြီးမားမားရှိနေဆဲဖြစ်တယ်လို့ ပြောချင်တာပါ။
တော်လှန်ရေးရဲ့ သုံးဆယ့်နှစ်ကောဋာသကို မြင်ဖို့လို
ကျနော်အပေါ်မှာသုံးသပ်ခဲ့တဲ့အချက်အလက်တွေဟာ တော်လှန်ရေးကို ပုဂ္ဂိုလ်စွဲ၊အဖွဲ့စွဲ၊ဒေသစွဲတွေနဲ့ မကြည့်ဘဲ အမှန်အတိုင်းမြင်ဖို့ လိုအပ်တဲ့အတွက် တော်လှန်ရေးကြီးတရပ်လုံးကို ဝိပဿနာရှုသလို ရှုမြင်သုံးသပ်ထားတာဖြစ်ပါတယ်။
ချောမောလှပတဲ့မိန်းကလေးတယောက်ကို ကြည့်တဲ့အခါ အလှအပကိုခံစားကြည့်ရှုတာက သာမန်လူတွေရဲ့ ကြည့်ရှုပုံမျိုးဖြစ်ပါတယ်။အရိုး၊အကြော၊အရေ၊အမွှေး၊အူ၊အသဲ၊အစာအိမ်စတဲ့ သုံးဆယ့်နှစ်ကောဋာသလို့ မမြင်မချင်းတော့ မြင်တဲ့အလှပေါ်မှာ သာယာတိမ်းမူးတာမျိုးတွေဖြစ်နေဦးမှာပါပဲ။
ဒီလိုပါပဲ တော်လှန်ရေးကြီးကို ပုထုဇဉ်တွေမြင်သလို မမြင်ဘဲ အရိယာသူတော်စင်တွေမြင်သလို မြင်ဖို့လိုပါတယ်။မရှုတတ်ရင် တဏှာဖြစ်ပြီး ရှုတတ်ရင် ဘာဝနာဖြစ်တာမို့ တော်လှန်ရေးကို ဝိပဿနာတင်ပြီး ဘာဝနာအမြင်နဲ့ကြည့်ရင် တော်လှန်ရေးရဲ့ ပကတိအခြေအနေကို မြင်ပါလိမ့်မယ်။မမှန်ကန်တဲ့ မျှော်လင့်ချက်အတုတွေကို ဖယ်ခွာပြီး တော်လှန်ရေးရဲ့ ကမ္မဌာန်းရုပ်ကို ပြတ်ပြတ်သားသားမြင်ဖို့လိုပါတယ်။အခုတော်လှန်ရေးဟာ လိုအပ်ချက်တွေ တပုံတပင်နဲ့ပါ။ပြီးပြည့်စုံနေတဲ့အခြေအနေမဟုတ်ပါဘူး။
တော်လှန်ရေးမပြည့်စုံသေးတာ ဘာကြောင့်လဲ
တော်လှန်ရေးအခြေအနေတွေမပြည့်စုံတာဟာ ဘက်နှစ်ဘက်စလုံးက အနေအထားတွေကြောင့်ဖြစ်နိုင်ပါတယ်။ရန်သူ့ဘက်နဲ့ ကိုယ့်ဘက်၊ ဘက်နှစ်ဘက်စလုံးကို ကျနော်တို့ သုံးသပ်ရပါလိမ့်မယ်။
ရန်သူ့ဘက်ကို သုံးသပ်တဲ့အခါမှာ နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊လူမှုရေးစသဖြင့် အလုံးစုံကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ရာလိုပါမယ်။ရန်သူက နိုင်ငံရေးအရ အာဏာကို အပြည့်အဝမဟုတ်တောင် တော်တော်ကြီးမားတဲ့အစိတ်အပိုင်းကို ချုပ်ကိုင်ထားနိုင်တယ်လို့ပြောရပါမယ်။စစ်တပ်၊ရဲ၊အကျဉ်းထောင်၊တရားရုံးစတဲ့ ဖိနှိပ်ရေးယန္တရားတွေဟာ ရန်သူ့လက်ထဲမှာပဲရှိနေသေးတဲ့အပြင် ဒီယန္တရားတွေဟာ CDM ခေါ်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကြောင့် ပြိုကျသွားမယ့် အနေအထားမရှိပါဘူး။
စစ်ရေးအရသုံးသပ်မယ်ဆိုရင် ရန်သူမှာ သာလွန်အင်အားရှိတယ်၊ရေတပ် လေတပ် ကြည်းတပ်တွေရှိတယ်၊လက်နက်အပြည့်အစုံရှိတယ်၊နည်းပညာလည်း ပိုမိုသာလွန်တယ်။ဒါပေမယ့် ရန်သူ့ဆီမှာ ပြည်သူ့ထောက်ခံမှုမရှိနေဘူး။စစ်မျက်နှာဖွင့်ရတာများနေတဲ့ အခက်အခဲရှိတယ်။ဘက်ပေါင်းစုံက လူထုဆန့်ကျင်မှုတွေကြောင့် တပ်တွင်းမှာ စည်းရုံးရေးစွမ်းရည်ကျဆင်းလာသလို စစ်ရေးစွမ်းရည်ကလည်း ဟန်ကိုယ့်ဖို့သာရှိတော့တယ်။အစောပိုင်းကပြောသလို ကျည်အား၊လူအား၊ငွေအားနဲ့သာ ရန်သူကဖိတိုက်နေတာဖြစ်တယ်။
စီးပွားရေးအရ စစ်အုပ်စုက ပြည်သူတွေထက်အများကြီးသာတယ်။တိုင်းပြည်ရဲ့ အရင်းအမြစ်တွေနဲ့ ဘဏ္ဍာရေသောက်မြစ်တွေကို စစ်တပ်က ချုပ်ကိုင်ထားတယ်။ငွေဝင်ပေါက်တွေအားလုံးကို စစ်တပ်၊စစ်တပ်မိသားစုနဲ့ခရိုနီတွေက ခွထိုင်ထားတယ်။ဒီငွေဝင်ပေါက်တွေ မပိတ်နိုင်သေးသရွေ့ စစ်တပ်က အသက်ရှုချောင်နေဦးမှာပဲဖြစ်တယ်။ပြီးတော့ သူတို့တသက်သုံးလို့မကုန်၊ဖြုန်းလို့မကုန်နိုင်လောက်အောင်အထိ စုဆောင်းရရှိထားတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေလည်းရှိနေပြန်သေးတယ်။
လူမှုရေးအရပြောရရင် ပညာရေး၊ကျန်းမာရေးအပါအဝင် အရပ်ဖက်ဝန်ဆောင်မှုလုပ်ငန်းအားလုံးကိုလည်း စစ်တပ်က ထိန်းချုပ်ဖို့ကြိုးစားနေတယ်။ဒီနေရာမှာ အာဏာဖီဆန်သူတွေကြောင့် သူတို့ထင်သလောက် တိုးမပေါက်တာတွေရှိတယ်။ဥပမာ ကျောင်းသားတွေ ကျောင်းအပြည့်အဝပြန်မတက်ကြတာနဲ့ ရုံးဝန်ထမ်းတချို့ အစိုးရနဲ့မပူးပေါင်းဘဲ ပြည်ပထွက်တာ၊လွတ်မြောက်ဒေသထွက်တာ၊တော်လှန်ရေးဘက် ကူးပြောင်းလာတာတွေရှိတယ်။ဘာသာရေးကတော့ အတိုင်းအတာတခုအထိ စစ်တပ်နဲ့ ထွေးရောယှက်တင်နေထိုင်နေတယ်လို့ ပြောရလိမ့်မယ်။နာမည်ကြီးပြီး စာတတ်ပုဂ္ဂိုလ်လို့ ခေါ်လို့ရတဲ့ သံဃာတချို့က စစ်တပ်နဲ့ အလွမ်းသင့်ကြပြီး ပြည်သူတွေကို မတော်လှန်ဖို့တရားတွေသာ တွင်တွင်ဟောနေကြတယ်။
ရန်သူ့ဘက်ကို ခွဲခြမ်းစိတ်ဖြာပြီးသုံးသပ်ရရင် ရန်သူဟာ de-facto အစိုးရအဆင့်မှာ ရှိနေတယ်လို့ ပြောရမယ်။ရန်သူ့အုပ်ချုပ်ရေးအာဏာဟာ မကြံ့ခိုင်တော့ဘူးဆိုရင်တောင် ရန်သူဟာ လုံးဝအားမလျော့သွားသေးဘူးလို့ မြင်တယ်။
ကိုယ့်ဘက်ကို ပြန်လည်သုံးသပ်ရင် နှစ်နှစ်ပြည့်ခါနီးအချိန်အထိ ခေါင်းကိုလည်း တိတိကျကျမကိုင်နိုင်သေးသလို အမြီးကိုလည်း တိတိကျကျ မကိုင်နိုင်သေးတဲ့ အခြေအနေမျိုးမှာပဲ အီနေတယ်၊တန့်နေတယ်လို့ ပြောရပါလိမ့်မယ်။နိုင်ငံရေးမှာ ပြည်သူ့အုပ်ချုပ်ရေးအာဏာကို စနစ်တကျမတည်ဆောက်နိုင်သေးဘဲ အမည်ခံအစိုးရပုံစံ သို့မဟုတ် အရိပ်အယောင်အစိုးရပုံစံမျိုးသာ တည်ဆောက်နိုင်သေးတယ်လို့ ပြောရပါမယ်။
အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြဿနာက တော်လှန်ရေးကာလအတွင်းမှာ မဖြစ်နိုင်တဲ့ ဗျုရိုကရေစီယန္တရားတရပ်ကို တည်ဆောက်လိုတာပဲဖြစ်တယ်။တော်လှန်ရေးကာလမှာ အလုပ်သမားထု၊ကျောင်းသားထု၊လယ်သမားထု၊အမျိုးသမီးထု၊ လူမျိုးစုံနဲ့ လိင်စိတ်ကွဲပြားသူတွေသာမက အခြား အသက်မွေးဝမ်းကျောင်းအလိုက်တည်ရှိနေတဲ့ လူထုတွေကိုစုစည်းပြီး ပြတ်ပြတ်သားသားတော်လှန်ရမယ့်အစား လွှတ်တော်နဲ့ဝန်ကြီးဌာနတွေ အတည်တကျဖွဲ့စည်းပြီး အစိုးရပုံစံအပြည့် လုပ်ဆောင်ချင်တာဟာ တော်လှန်ရေးမှာ မယောင်ရာဆီလူးသလိုဖြစ်နေပါတယ်။
ဒီကနေ့အထိ လူမျိုးစုတော်လှန်ရေးအင်အားစုအားလုံးကို ကိုယ်နဲ့တသားတည်းဖြစ်ရေး၊တန်းတူရေးအခြေခံပေါ်က မစုစည်းနိုင်ဘဲ တရားဝင်အစိုးရတရပ်ဆိုတဲ့အခြေခံပေါ်ကနေ တဆင့်နှိမ့်ဆက်ဆံသလိုလုပ်နေတာဟာ ကြီးမားတဲ့ အားနည်းချက်ကြီးတခုကို ဖြစ်ပေါ်လာစေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့ အကြံပေးမှု၊စီစဉ်ညွှန်ကြားမှုနဲ့ ဗျုဟာခင်းကျင်းမှုတွေမပါဘဲ မြေပြင်မှာ တိုက်ပွဲဝင်နေရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အမြောက်အများရှိနေဆဲဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဟာ အတွင်းကို အပြင်လုပ်ပြီး အပြင်ကို အတွင်းလုပ်တဲ့အပြင် အဓိကနဲ့သာမညကိုလည်း မခွဲခြားတတ်သေးတာကို တွေ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းဖို့ထက် နိုင်ငံတကာမျက်နှာစာမှာ အသိအမှတ်ပြုခံရရေးကို ပိုဦးစားပေးနေတာကို ရည်ညွှန်းချင်တာပါ။လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်အောင်မလုပ်ဘဲ စစ်အုပ်စုနဲ့ ဆွေးနွေးညှိနှိုင်းရာမှာ ဖိအားတရပ်ဖြစ်ရုံလောက်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့ထားတယ်ဆိုရင်တော့ NUG ရဲ့ စဉ်းစားချက်ဟာ လုံးလုံးလျားလျား မှားနေပြီလို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးပြည့်စုံအောင် ဘယ်လိုလုပ်ရမလဲ
တော်လှန်ရေးကို ချုပ်ကြည့်ရရင် တော်လှန်ရေးဟာ ဒီရေတက်သလို တရိပ်ရိပ်တက်လာနေတာမျိုးမဟုတ်နေဘူး။ဒီရေနိမ့်သလို ဟိုးအောက်ဆုံးအထိ ဒလဟောထိုးကျသွားတာမျိုးလည်း မဟုတ်သေးဘူး။ဒီရေနိမ့်နဲ့ ဒီရေမြင့်ကြားက အရှိန်ယူနေတဲ့ကာလမှာတော့ရောက်နေပြီ။ဒါပေမယ့် အရှိန်ကိုမထိန်းနိုင်ရင် ထိုးကျသွားမှာဖြစ်ပြီး အရှိန်ကို ကောင်းကောင်းထိန်းချုပ်ရယူနိုင်ရင် ဒီရေမြင့်သစ်တစ်ခုကို မုချရောက်ရှိလာမှာဖြစ်တယ်။
ဆိုတော့ ကြားကာလ ဒီရေအီနေချိန်မှာ အရှိန်ကို ဘယ်လိုဆွဲတင်မလဲဆိုတာ စဉ်းစားရပါမယ်။ကျနော်တို့ အမြဲပြောနေတာက တော်လှန်ရေးရဲ့ တပ်ဦးတခုရှိဖို့ဖြစ်ပါတယ်။တော်လှန်ရေးတပ်ဦးဆိုတာ ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုးမဟုတ်ပါဘူး။ဘာလို့လဲဆိုရင် တော်လှန်ရေးဆိုတာ ဗျုရိုကရေစီယန္တရားတည်ဆောက်ရတာမျိုးမဟုတ်ဘဲ ဗျုရိုကရေစီယန္တရားကို ဖြိုချပစ်ရတာဖြစ်ပါတယ်။ပြည်သူ့ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရားသစ်ကို ပြာပုံထဲကနေ ပြန်လည်တည်ဆောက်ရတာမျိုးလည်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ဗျုရိုကရေစီယန္တရားနေရာမှာ အခြားဗျုရိုကရေစီယန္တရားတခု အစားထိုးဖို့ ကြိုးစားရုံသက်သက်ပဲဖြစ်နေတာမို့ တော်လှန်ရေးတပ်ဦးတစ်ခု ဖြစ်ဖို့ဝေးစွ။တော်လှန်ရေးစော်၊တပ်ဦးစော်တောင် မနံသေးဘူးလို့ မညှာမတာပဲ ဝေဖန်ရပါလိမ့်မယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့ဟာလည်း ထိုနည်းတူစွာ တော်လှန်ရေးတပ်ဦးဖြစ်မယ့်အရေး ခရီးတသောင်းလောက်ဝေးဆိုသလို ဖြစ်နေပါသေးတယ်။အင်အားကြီးမားတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ အခြားအလားတူ လူမျိုးစုလက်နက်ကိုင်တွေ မပါဝင်သေးတဲ့အတွက် သို့မဟုတ် မထောက်ခံသေးတဲ့အတွက် တော်လှန်ရေးတပ်ဦးတခုဖြစ်ဖို့ ရေရှည်မှာ အလားအလာမှေးမှိန်နေရတယ်လို့ မြင်ပါတယ်။
ကျနော့်အနေနဲ့ အကြံပြုလိုတာက တော်လှန်ရေးတပ်ဦးပဲဖြစ်ဖြစ်၊တော်လှန်ရေးတပ်ပေါင်းစုပဲဖြစ်ဖြစ် သေချာတည်ဆောက်ဖို့ ခုလက်ရှိတော်လှန်ရေးအဆင့်မှာ အလုပ်မဖြစ်တဲ့ အဖွဲ့အစည်းတွေရဲ့ ပုံသဏ္ဍာန်ကို ပြန်လည်သုံးသပ်ပြီး အလုပ်ဖြစ်လာအောင် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းကြဖို့ပဲဖြစ်ပါတယ်။
အလုပ်မဖြစ်စေတဲ့ အတွေးအခေါ်တွေဖြစ်တဲ့ ဗျုရိုကရေစီယန္တရားသစ်တည်ဆောက်နေတာတွေ၊ တရားဝင်မှုကို အသေဆုပ်ကိုင်ပြီး အခြားတော်လှန်ရေးအင်အားစုတွေအပေါ် အသာစီးယူနေတာတွေ၊လူစုလူဝေးအင်အားကို အသုံးပြုပြီး မဟာမိတ်ဖြစ်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ဘေးဖယ်စဉ်းစားတာတွေကို တခါတည်း စွန့်လွှတ်ဖို့လိုပါပြီ။
စဉ်းစားပုံတွေမှန်ကန်ပြီဆိုရင်တော့ တန်းတူညီမျှမှုအခြေခံပေါ်ကနေ အလုပ်ဖြစ်တဲ့ တပ်ပေါင်းစု သို့မဟုတ် တပ်ဦးကိုတည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ဒါကြောင့် ထပ်မံအကြံပြုလိုတာ တော်လှန်ရေးကို ပုံစံသစ်နဲ့ ပြန်စကြဖို့အတွက် လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေဟာ ဦးဆောင်မှုအခန်းကဏ္ဍတွေကို အသေကိုင်မပြောဘဲ အစကနေ ပြန်စုဖွဲ့ကြဖို့ လိုအပ်နေပါပြီ။စမှတ်ကို ပြန်သွားကြဖို့ (Back to the square one)လိုနေပါပြီလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား။ ။