စစ်ကိုင်းတိုင်း၊ ယင်းမာပင် လူသတ်မှုကိစ္စဟာ ဒီရက်ပိုင်းအတွင်း တကျော့ပြန် လူပြောများလာတဲ့ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ တော်လှန်ရေးကို အကျည်းတန်စေတဲ့ ပုံရိပ်တစ်ခု သို့မဟုတ် သင်ခန်းစာယူစရာ အမှုအခင်းလည်း ဖြစ်စေခဲ့ပါတယ်။ ဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လပိုင်းမှာ ဟော့ထွက်လာတဲ့ အမှုအခင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ထိုအမှုနဲ့ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၆၃ ဖွဲ့မှ ထုတ်ပြန်ချက်တစ်စောင် ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုအထဲမှာ ဗိုလ်သံမဏိ ဦးဆောင်သော YMB PDF နဲ့ ၎င်းရဲ့သစ္စာခံ တပ်ရင်း/တပ်ဖွဲ့တွေက ဒေသခံပြည်သူလူထုကို ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်နေလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
၎င်းတို့အနက် အတည်ပြုနိုင်တဲ့ သတ်ဖြတ်မှုတွေဟာ ၅ မှုဖြစ်ပြီး (၂၇.၁၀.၂၀၂၁) ဖြစ်စဉ်တွင် ဇီးတောမြောက်ရွာမှာ ပြည်သူ ၄ ဦး၊ (၂၆.၁၁.၂၀၂၁) ဖြစ်စဥ်တွင် လာပို့ရွာမှာ ပြည်သူ ၄ ဦး၊ ကာကွယ်ရေးခေါင်းဆောင် ၁ ဦးနဲ့ ကာကွယ်ရေးတပ်သား ၅ ဦး၊ (—) ဖြစ်စဥ်တွင် —ရွာမှာ ပြည်သူ ၁ ဦး၊ (၂၇.၁.၂၀၂၂) ဖြစ်စဥ်တွင် မင်းကင်းမြို့နယ်မှာ ထောက်ပို့ခေါင်းဆောင် ၁ ဦး၊ (၂.၃.၂၀၂၂) ဖြစ်စဥ်တွင် ချင်းပုန်းရွာမှာ ပြည်သူ ၃ ဦးနဲ့ ကာကွယ်ရေးတပ်သား ၂ ဦး စုစုပေါင်း ၂၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
အရပ်ဖက်စုံစမ်းစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်တယ်လို့ အဓိကသံသယရှိသူတွေမှာ
၁။ ယင်းမာပင် ဗိုလ်သံမဏိ (ခေါ်) သပြေအေးဆရာတော် – တည်ထောင်သူ နာယက
၂။ ဗိုလ်ဦး (ခေါ်) ဗိုလ်ထွဋ်ခေါင် – စစ်ဒေသမှူး
၃။ ဦးအောင် (ခေါ်) ဦးအောင်မြတ်သူ – နယ်မြေစည်းရုံးရေးတာဝန်ခံ
၄။ ဗိုလ်ဂဠုန် (ခေါ်) ညန့်ဝင်း – တပ်ရင်း (၂) တပ်ရင်းမှူး
၅။ ကိုမြင့်ကြိုင် – တပ်ရင်း (၃) တပ်ရင်းမှူး
၆။ ဆရာစံ (ခေါ်) ဆရာစံလင်းကျော် – တပ်ရင်း (၄) တပ်ရင်းမှူး
၇။ ဗိုလ်ဇီးရိုး (ခေါ်) ကျော်သူ – တပ်ရင်း (၁) တပ်ခွဲမှူး
၈။ ဗိုလ်ဘုဏ်းထက် (ခေါ်) တိုက်ကောင်း – တပ်ရင်း (၃) တပ်ခွဲမှူး
၉။ မင်းသူအောင် – တပ်ရင်း (၃) တပ်စုမှူး
၁၀။ ဇော်လတ် – တပ်ရင်း (၃) တပ်စုမှူး
၁၁။ မောင်ဦး – တပ်ရင်း (၃) တပ်စုမှူး
၁၂။ ရဲလေး – တပ်ရင်း (၃) တပ်သား
၁၃။ ကပိုင် ကိုစိန်ခိုင် – ထောက်ပို့
တို့ဖြစ်ပြီး အဆိုပါ ရာထူးတွေမှာ အခင်းဖြစ်ပွားချိန်ကဖြစ်ကာ လက်ရှိမှာမူ YMB PDF ဟာ ဖွဲ့စည်းပုံ ပြောင်းလဲသွားသဖြင့် ကွာဟချက် ရှိနေနိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၆၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိခဲ့တယ်။ အလားတူ မတ်လ ၁၄ ရက်မှာပဲ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ကနေလည်း စစ်ဖက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘက်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို စစ်ဆေးစီရင်နေစဉ် အချိန်အတွင်း လိုအပ်ပါက ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး စစ်ဘက်တာဝန်တွေမှ ယာယီရပ်ဆိုင်းထားမယ် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်ရေးပြစ်မှုဆိုရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်အနေနဲ့ အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှုမရှိစေရန်အလို့ငှါ ပြစ်မှုကျူးလွန်တဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိခိုက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပြောခဲ့ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ပေါ်ပေါက်တဲ့ စစ်ဖက်ဆိုင်ရာ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့၊ နစ်နာသူတွေ တရားမျှတမှုရှိစေဖို့နဲ့ ဥပဒေစိုးမိုးရေး ဖော်ဆောင်ဖို့ ရည်ရွယ်လျက် “ စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်” ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ ကော်မရှင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာန (၃၆) ကြိမ်မြောက် အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဲဒီနောက် NUG တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ၊ CDM တရားရေးဝန်ထမ်းတွေ၊ ဥပဒေကျွမ်းကျင်ပညာရှင်တွေနဲ့ တိုးချဲ့ပါဝင်ဖွဲ့စည်းကာ တိုင်ကြားလာတဲ့ အမှုအခင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
အမှုအခင်းဖြစ်ပွားတဲ့ ဒေသတွေမှာ လိုအပ်ပါက ခရိုင်အဆင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ ဖွဲ့စည်းပြီး တာဝန်ပေးအပ်သွားမှာဖြစ်သလို ပြစ်မှုကျူးလွန်သူတွေကို စစ်ဖက်တရားစီရင်မှုစနစ်အရလည်းကောင်း၊ အရပ်ဖက်တရားစီရင်မှုစနစ်အရလည်းကောင်း အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ယင်းမာပင်ခရိုင်ဟာ ပြည်သူ့ခုခုခံတွန်းလှန်စစ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်မှစပြီး ဆင်နွှဲလာခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ချေမှုန်းခံရပြီးနောက် ညီညွတ်သော ကျေးရွာများအင်အားစု (UVF) အနေနဲ့ ကျေးရွာပေါင်း ၈၀ ကျော်ကို စုစည်းခဲ့ကြပါတယ်။ ဗိုလ်သံမဏိမှာ UVF ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ UVF အဖွဲ့မှာ မူလက Hero Tiger အဖွဲ့၊ ကပိုင်ရွာမှ ဆရာစံအဖွဲ့၊ ပုလဲနယ်မှ ဗိုလ်နဂါးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
နောင်တွင် ဗိုလ်သံမဏိနဲ့ သဘောထားကွဲလွဲမှုကြောင့် Hero Tiger အဖွဲ့ဟာ လာပို့ရွာမှာ အခြေပြုလျက် သီးခြားရပ်တည်လာခဲ့ပါတယ်။ ပုလဲနယ်မှ ဗိုလ်နဂါးအဖွဲ့ဟာလည်း လာပို့ရွာ Hero Tiger အဖွဲ့နဲ့ ပူးပေါင်းလှုပ်ရှားခဲ့ပါတယ်။ ယင်းမာပင် YMB PDF အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သပြေအေး ဆရာတော် ဦးသောပါက (ခေါ်) ဗိုလ်သံမဏိဟာ နာမည်ကျော် ၂၀၀၇ ရွှေဝါရောင် ဦးဆောင်ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။
သူဟာ ဆရာတော် မင်းသုည (ခေါ်) King Zero (ခေါ်) ဦးဣဿရိယ၊ လက်ရှိ ဩစတေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ ဦးပညာသီရိတို့နဲ့အတူ မိတ်ဆွေကောင်းစာကြည့်တိုက် (The Best Friend Library) အဖွဲ့ကို ဖွဲ့စည်းပြီး မန္တလေးအခြေစိုက် မြေအောက်သံဃာ့အဖွဲ့တစ်ဖွဲ့အဖြစ် မြေအောက် နိုင်ငံရေးလှုပ်ရှားမှုတွေ အများအပြားလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၀၇ စက်တင်ဘာ ၉ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး (ABMA) ကို စတင်ဖွဲ့စည်းတော့ မိတ်ဆွေကောင်းစာကြည့်တိုက်အဖွဲ့ဟာလည်း ABMA ထဲမှာ ပါဝင်ခဲ့တယ်လို့ ရွှေဝါရောင်ဆရာတော် ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်က ပြောပြပါတယ်။
“အဲဒီအချိန်တုန်းက သူက(ဗိုလ်သံမဏိ) ဂျာမနီမှာပေါ့။ ဂျာမနီမှာနေပြီးတော့ ကြိုးစားပေးတာပေါ့။ သူတို့ဖွဲ့စည်းခဲ့တဲ့ မိတ်ဆွေကောင်း စာကြည့်တိုက်အဖွဲ့က မြန်မာပြည်မှာ၊ မန္တလေးအခြေစိုက်။ ဗိုလ်သံမဏိလို့ခေါ်တဲ့ ဦးသောပါကဟာ ၂၀၀၇ ရွှေဝါရောင် မတိုင်ခင်ကတည်းက မြန်မာ့အရေးကို လှုပ်ရှားမှုတွေ အများကြီးလုပ်ခဲ့တယ်။ လုပ်ခဲ့ရာမှာ ထင်ရှားပြီး မီဒီယာတွေမှာ ပါတာတွေက ၂၀၀၆ ခုနှစ်မှာ မဲဆောက်တံတားပေါ်ကနေ ဘန်ကောက်ကို လမ်းလျှောက်တာပေါ့။ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက်” လို့ ကိုညီညီလွင်က ပြောပါတယ်။
သပြေအေး ဆရာတော် ဦးသောပါက (ခေါ်) ဗိုလ်သံမဏိဟာ ထိုအချိန်က ၂၀၀၇ မတိုင်ခင်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာကြောင့် သူပညာသင်ယူနေတဲ့ မန္တလေးသံဃာတက္ကသိုလ်ကနေ နှင်ထုတ်ခံရပြီး ဂျာမနီနိုင်ငံကို ရောက်ရှိခဲ့ကြောင်း၊ ဂျာမနီနိုင်ငံအပါအဝင် နိုင်ငံတကာကို လှည့်လည်ပြီး မြန်မာ့အရေး ကမ်ပိန်းတွေလည်း ပြုလုပ်ခဲ့ကာ ၄င်းတည်ထောင်ထားတဲ့ မိတ်ဆွေကောင်းစာကြည့်တိုက် (The Best Friend Library) အဖွဲ့ကိုလည်း ပုံမှန်ထောက်ပံ့ခဲ့တယ်လို့ ရွှေဝါရောင်ဆရာတော် ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်က ဆက်လက်ပြောပါတယ်။
“ကျွန်တော် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာ စအဖတွေ၊ SB တွေ လိုက်ဖမ်းလို့ ထွက်ပြေးရတယ်။ ဟိုပြေးပုန်းလိုက်၊ ဒီပြေးပုန်းလိုက်နဲ့ပေါ့။ နောက်ဆုံးတော့ သူ့(ဗိုလ်သံမဏိ)အစ်မ လင်မယားအိမ်မှာ ပုန်းနေခဲ့တယ်။ အဲဒီမှာ မီဒီယာတွေနဲ့ အင်တာဗျူး ဆက်လုပ်ခဲ့တယ်။ အဲဒါကတစ်ခုပေါ့။ သူ(ဗိုလ်သံမဏိ)နဲ့လည်း ညတိုင်း ဖုန်းနဲ့ ဆွေးနွေးတာတွေ ရှိတယ်” လို့ ၄င်းက ပြောပါတယ်။
ယင်းမာပင် လူသတ်မှုနဲ့ ပတ်သက်ပြီး ကနဦးမှာ ဗိုလ်သံမဏိက “သူတို့စွပ်စွဲထားသလို ဒီလူသတ်မှူ ကျူးလွန်တဲ့ အပိုင်းတွေမှာ ဗိုလ်သံမဏိရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ တချို့လူငယ်တွေက ကျူးလွန်တာ မှန်ပါတယ်။ ပထမဆုံး လူ ၁၀ ယောက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ကတော့ ပထမဆုံး လူ ၄ ယောက် ဖမ်းမိတယ်လို့ ဗိုလ်သံမဏိကို သတင်းပို့တယ်။ သတင်းပို့တဲ့အခါကျတော့ ဗိုလ်သံမဏိကနေ အချုပ်ခန်းထဲ ထည့်ထားလိုက်လို့ အမိန့်ပေးလိုက်တယ်” လို့ မီဒီယာကို ဖြေကြားခဲ့ပါတယ်။
အချုပ်ခန်းထဲ ရောက်သွားတဲ့ လူ ၄ ဦးကို ကယ်ထုတ်ဖို့လာတဲ့ လူ ၆ ဦးတို့အဖွဲ့ဟာ အရင်က ဗိုလ်သံမဏိရဲ့ လက်အောက်ခံ အဖွဲ့တစ်ဖွဲ့ကို မိုင်းဆွဲဖူးပြီး အဆိုပါလူတွေကို မြင်တွေ့တဲ့အခါ ဒေါသထွက်ကာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အာဃာတတွေနဲ့ ဖြစ်ကြတယ်လို့ စုံစမ်းသိရှိရကြောင်း သပြေအေး ဆရာတော် ဦးသောပါက (ခေါ်) ဗိုလ်သံမဏိက မီဒီယာမှာ ဖြေခဲ့ပါတယ်။
ဒါ့အပြင် ပထမဆုံး ဖမ်းဆီးခံရသူ ၄ ဦးကို အချုပ်ခန်းထဲ ထည့်ထားဖို့ပဲ အမိန်ပေးခဲ့ပြီး စွပ်စွဲသူတွေ ပြောဆိုသလို လူ ၂၁ ဦးကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ခြင်း မရှိကြောင်းနဲ့ လက်အောက်ခံ ရဲဘော်တွေက ပြစ်မှုကျူးလွန်ထားတာကြောင့် ၄င်းမှာ တာဝန်ရှိနေပြီး ယင်းအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက အပြစ်ပေးမယ်ဆိုပါက ပြစ်ဒဏ်ခံယူဖို့ အသင့်ရှိကြောင်း ပြောခဲ့ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ရဲ့ မတ်လ ၂၆ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြားဖြတ်အစီရင်ခံစာမှာလည်း ယင်းမာပင်မြို့နယ် လာပို့ရွာမှ ကိုထိုက်မောင်အပါအဝင် ကျေးရွာသား ၆ ဦးနဲ့ အခြား ၄ ဦးတို့ကို သတ်ဖြတ်ခဲ့သူတွေဟာ ဗိုလ်သံမဏိ လက်အောက်ခံ အဖွဲ့ဝင်အချို့ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ထို ၁၀ ဦးမှာ Hero Tiger PDF အဖွဲ့ဝင် ၆ ဦး၊မီးသတ်ရဲဘော် ၂ ဦး၊ ကားမောင်းသူနဲ့ ခြေထောက်ဒဏ်ရာရနေတဲ့ မီးသတ်ရဲဘော်ကို ကူညီဖို့ လိုက်ပါလာတဲ့ လူငယ်တစ်ဦးတို့ ဖြစ်ပါတယ်။ ယင်းအမှုအခင်းဟာ ဒေသခံကာကွယ်ရေးအဖွဲ့ ၂ ဖွဲ့ကြား နားလည်မှုလွဲမှား အငြိုးအတေးထားမှုတွေကို အကြောင်းပြုတယ်လို့ ပြောဆိုထားပါတယ်။
စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်က ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဗိုလ်သံမဏိ၊ နစ်နာသူမိသားစုဝင် ၁၁ ဦးနဲ့ အခြားသက်သေ ၈ ဦးကို စုံစမ်းစစ်ဆေးခဲ့ပြီး ကြားဖြတ်အစီရင်ခံစာနဲ့ သုံးသပ်တွေ့ရှိချက်တွေကို NUG အစိုးရအဖွဲ့ထံ မတ်လ ၁၇ ရက်က အစီရင်ခံတင်ပြခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ကျန်ရှိနေသေးတဲ့ သံသယရှိသူတွေနဲ့ သက်သေတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိခဲ့ရပါတယ်။
ဗိုလ်သံမဏိဟာ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှာ အဖွဲ့ဝင်အနေနဲ့ စတင်တည်ထောင်စဉ်က ပါဝင်ခဲ့သော်လည်း အခင်းဖြစ်ပွားပြီး နောက်ပိုင်းမှာ အစည်းအဝေးတွေ ဆက်လက်တက်ရောက်ခြင်း မရှိတော့သလို ၄င်းရဲ့ လုပ်ရပ်တွေဟာ ယင်းကွန်ရက်မှ ကိုင်စွဲထားတဲ့ မူဝါဒစံနှုန်းတွေနဲ့ အထင်အရှား ဆန့်ကျင်နေတာကြောင့် အဖွဲ့ဝင်အဖြစ်မှ အပြီးတိုင် ထုတ်ပယ်ပြီးဖြစ်တယ်လို့ အဆိုပါကွန်ရက်မှ ဧပြီလ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
“အဲဒီကိစ္စ (ငွေကြေးကိစ္စ တိုင်ကြားခံရမှု) တွေကို အမေရိကားက ဦးဇဝနရယ်၊ နော်ဝေးက အရှင်ထာဝရရယ်၊ ဆရာတော် ဦးဣဿရိယ (ခေါ်) မင်းသုညရယ်၊ ဦးဇင်းရယ်၊ ဆရာတော် ဦးသောပါက (ခေါ်) ဗိုလ်သံမဏိရယ် တွေ့ဆုံပြောဆိုကြတယ်။ ကတိကဝတ်တွေနဲ့ အဆင်ပြေသွားကြတယ်။ အဲနောက်ပိုင်းမှာ တပ်ထောက်ခံပွဲဆိုပြီး ဖြစ်တယ်ပေါ့။ သူတို့(ဗိုလ်သံမဏိ) အရပ်ဒေသမှာ အဲဒီနှစ်က။ ယင်းမာပင်ကနေ မုံရွာကို ငွေသွားထုတ်တဲ့ မိသားစုရှိတယ်ပေါ့။ အဲဒီမိသားစုကို တပ်ထောက်ခံပွဲ သွားတယ်ဆိုပြီးတော့ စတင်ဖမ်းဆီးတယ်” ဟု နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှ ဆရာတော် ဦးဝါယမက ပြောပြပါတယ်။
၄င်းတို့နဲ့ ပတ်သက်တဲ့ မြေပြင်သတင်းအချက်အလက် မှတ်တမ်းတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ CRPH တို့ထံ ပေးပို့ခဲ့သလို ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့လည်း အကြိမ်ကြိမ် ချိတ်ဆက်တွေ့ဆုံပြီး တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် အင်တိုက်အားတိုက် ပူးပေါင်ပါဝင် ဆောင်ရွက်ခဲ့ကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်ထံမှ သိရပါတယ်။
“ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ကျန်တဲ့ကလေးတွေက မဟုတ်ပါဘူး ဒီလိုငွေသွားထုတ်နေကျ ဆိုပြီးတော့ PDF ကလေးတွေကပေါ့နော်။ အဲဒီ(PDF) ၆ ယောက်က အာမခံဖို့ လိုက်သွားတော့ ဖမ်းဆီးခံလိုက်ရတယ်။ နောက်တော့ ပြန်လည်းမလာတော့ဘူး။ ဘယ်လိုက်လို့ ဘယ်ရှာရမှန်းမသိတော့ဘူး။ သတ်ဖြတ်လိုက်ပြီလို့လည်း ကြားတယ်မကြားဘူး ဝိဟာရတွေနဲ့ မိသားစုဝင်တွေက ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေကနေ ဒီကွန်ရက်ကို စာတင်ပြလာတယ်။ ကွန်ရက်မှာလည်း အားလုံးတိုင်ပင်ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနကို အကုန်တင်ပြလိုက်ပါတယ်” ၄င်းက ပြောပါတယ်။
အခုသတ်ဖြတ်မှုမှာ ကပိုင်ရွာအခြေပြုတဲ့ ယင်းမာပင်ဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄) တာဝန်ခံ ဆရာစံနဲ့ အဖွဲ့မှာ အဓိကတာဝန်ရှိသူတွေဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိရပြီး ကိုအာပီဂျီ (ခေါ်) ကိုအောင်ဇော်မှာ အခင်းဖြစ်ပွါးချိန်က အချုပ်ခန်းမှာ ရှိနေတဲ့အတွက် ထိုသတ်ဖြတ်မှုကို ကောင်းစွာသိရှိနိုင်သူ ဖြစ်တယ်လို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဓိကတာဝန်ရှိသူလို့ သတ်မှတ်ခံထားရတဲ့ တပ်ရင်း(၄) တာဝန်ခံ ဆရာစံကလည်း တစ်ဖက်သတ် စွပ်စွဲချက်သာဖြစ်ပြီး သူအနေနဲ့ ဒီလိုကျူးလွန်မှုမျိုး မရှိခဲ့ဘူးလို့ မီဒီယာမှာ ဖြေကြားခဲ့ပါတယ်။
“ ကျွန်တော်တွေးမိသလောက်ကတော့ အချိုးမညီမှုတွေ ရှိနေတာရယ်၊ ပုဂ္ဂိုလ်ရေး အမြင်မကြည်မှုတွေ ရှိနေတာရယ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ အားပြိုင်မှုတွေ ဖြစ်လာရတယ်လို့ သုံးသပ်မိတယ်။ အချိုးမညီမှုဆိုတဲ့နေရာမှာ လက်နက်ခွဲဝေမှု မညီမျှတာရှိမယ်။ အထောက်အပံ့ရရှိမှု မညီမျှတာရှိမယ်။ အဲ့ဒါကြောင့် အချိုးမညီတာတွေကိုလည်း ဖြေရှင်းပေးဖို့လိုသလို၊ ပုဂ္ဂိုလ်ရေးရန်ငြှိုးတွေကို လက်နက်သုံး ဖြေရှင်းတာမျိုးတွေ မဖြစ်ရအောင် Rules & Regulations တွေ ခိုင်ခိုင်မာမာ ချမှတ်နိုင်ဖို့လည်း လိုမယ်လို့ ယူဆမိပါတယ်” လို့ CDM ဗိုလ်ကြီးဗစ်တာက ပြောပါတယ်။
ကာယကံရှင် မိသားစုဝင်တွေ၊ ဒေသခံပြည်သူတွေနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက NUG ကာကွယ်ရေးဝန်ကြီးဌာနသို့ သတင်းပို့ တိုင်ကြားခဲ့တဲ့ မတရားသတ်ဖြတ်ခံရတဲ့ အရေအတွက်မှာ ၂၁ ဦး ဖြစ်တယ်လို့ ကြားသိခဲ့ရပေမယ့် NUG ရဲ့ မတ်လ ၂၆ ရက်နဲ့ စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ချက်ထဲမှာတော့ ကိုထိုက်မောင်အပါအဝင် လာပို့ကျေးရွာသား ၆ ဦးနဲ့ အခြား ၄ ဦး စုစုပေါင်း ၁၀ ဦး သတ်ဖြတ်ခံရမှုကိုသာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။
အဆိုပါဖြစ်ရပ်တွေကို မဖြေရှင်းနိုင်ဘူးဆိုရင် နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီးဗစ်တာက “တော်လှန်ရေး နှောင့်နှေးသွားနိုင်တာပေါ့ဗျာ။ ဒါပေမယ့် ရာခိုင်နှုန်းအရ အရမ်းနည်းတာကိုလည်း သတိထားသင့်တယ်။ PDF LDF ပကဖ အဖွဲ့ပေါင်း ၈ဝဝ လောက်ရှိတဲ့ထဲကမှ ယင်းမာပင် နဲ့ ဝက်လက်မှာပဲ ဖြစ်တာဆိုတော့ ရာခိုင်နှုန်းအရ အရမ်းနည်းပါတယ်။ အနီးကပ်နေတဲ့အဖွဲ့တွေကြားမှာ ပွတ်တိုက်မှုတွေဖြစ်ပြီဆိုရင် အောက်ခြေမှာတင် လက်နက်နဲ့ဖြေရှင်းကြမယ့်အစား NUG ကို တင်ပြတာမျိုး အရင်လုပ်သင့်တယ်လို့ ယူဆမိတယ်” လို့ ပြောပါတယ်။
#ယင်းမာပင် #လူသတ်မှု #ပဟေဋ္ဌိ #ပုစ္ဆာ #NUG #MPA