“ ဆံထုံးနဲ့ ကျောင်းသွားစရာမှမလိုတော့ ဒီဆံပင်ရှည်တွေက ဘာလုပ်ရမှာလဲ ဆရာ၊ ခေါင်းလျှော်ရည်ဖိုးတောင် သက်သာသွားတာပေါ့ ” ဟု ဆရာမလေး မနန်းက (အမည်လွှဲ) ဆိုသည်။
မနန်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ မြို့နယ်တစ်ခုရှိ ကျေးရွာတစ်ရွာတွင် ဒုမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မူလတန်းပြ ဆရာမတစ်ဦးဖြစ်သည်။ ဆံပင်ရှည်ရှည်၊ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် နှစ်လိုဖွယ်ပြုံးတတ်သော ကရင်လူမျိုး ဆရာမလေးတစ်ဦးဖြစ်ခြင်းကြောင့် ကျေးရွာသူ၊ ရွာသားများ ဝိုင်းဝန်းချစ်ခင်ကြသည်။
သောကြာနေ့ညနေ ကျောင်းဆင်းချိန်တိုင်း တာဝန်ကျကျေးရွာလေးကနေ သားကြီးနှင့် သားငယ်လက်ကိုဆွဲကာ စက်လှေငယ်လေးဖြင့် မြို့ပေါ်ရှိ နေအိမ်သို့ ပြန်လာလေ့ရှိသည်။ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ပြီးချိန်တိုင်း အမျိုးသားဖြစ်သူအတွက် တစ်ပတ်တာ စားသောက်ဖွယ်ရာများကို ကြိုတင်ချက်ပြုတ်ပေးကာ တာဝန်ကျကျေးရွာသို့ လှေငယ်လေးဖြင့် ပြန်လေ့ရှိသည်။
မနန်း၏ သားကြီးမှာ တတိယတန်း၊ သားငယ်မှာ ပထမတန်းမို့ မနန်းတာဝန်ကျရာ စာသင်ကျောင်းလေးမှာပဲ ကျောင်းတက်နေခြင်းဖြစ်သည်။ ညနေ ကျောင်းဆင်းချိန်တိုင်း သားကြီးနှင့် သားငယ်ကို စာကူပြရင်းနှင့် ကျေးရွာမှ ကလေးငယ်များကိုလည်း အခမဲ့ စာသင်ပြလေ့ရှိခြင်းကြောင့် မနန်းကို ကျေးရွာကပေးထားသည့်နေအိမ်လေးတွင် ကလေးငယ်များ အမြဲစည်ကားနေလေ့ရှိသည်။
“ ကျွန်မက ဆရာမ အရမ်းဖြစ်ချင်ခဲ့တာလေ ဆရာ။ ဆယ်တန်းအောင်တော့ ပညာရေးကောလိပ်တက်ဖို့ အမှတ်က မမီဘူး၊ နေ့စားလပေး ဆရာမတွေ ခေါ်တော့ ကျွန်မအပြေးဝင်လျှောက်တာ။ ကံကောင်းခဲ့တယ်လေဆရာ၊ ကျွန်မ ဆရာမဖြစ်ခွင့်ရလိုက်တယ် ” ဟု မနန်းကဆိုသည်။
မနန်းနှင့် ခင်ပွန်းဖြစ်လာမည့် အမျိုးသားငယ်သည် မနန်းတာဝန်ကျရာ ကျေးရွာလေးမှာပဲ ဆုံဆည်းခဲ့ခြင်းဖြစ်သည်။ တစ်မြို့တည်းနေခဲ့ကြပေမယ့် မဆုံဖြစ်ခဲ့သည့် ဖူးစာသည် မနန်းဆရာမဖြစ်မှ ကျေးရွာငယ်လေးတွင် ရေစက်ဆုံရခြင်းဖြစ်သည်။
“ သူနဲ့က သူ့သူဌေးရွာမှာ စပါးလာဝယ်တာကို လိုက်လာပြီး တွေ့ကြတာ၊ စလစ်ပါအဖြူလေးနဲ့ ဆံပင်အရှည်ကြီးနဲ့ ဆရာမလေးဆိုပြီး သူက မှတ်မိတာတဲ့၊ အပြန်ကျ သူတို့နဲ့ လှေကြုံလိုက်ရင်းနဲ့ တစ်မြို့ထဲဆိုတာ သိပြီးတော့ အခုလို ဖြစ်သွားတာပါပဲ၊ ကျွန်မ ဆံပင်လေးတွေကို သူအရမ်းသဘောကျတာလေ၊ အခု ဆံပင်တိုသွားတာလည်း သူသဘောကျပါတယ် ” ဟု မနန်းကဆိုသည်။
ဆံပင်ရှည်လေးနှင့် တိုင်းရင်းသူ ဆရာမလေး မနန်းတွင် ဆံပင်ရှည်များ မရှိတော့….။
၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက်နေ့တွင် စစ်တပ်က မဲစာရင်းများမှားယွင်းသည်ဟု အကြောင်းပြကာ အာဏာသိမ်းယူပြီးနောက် မနန်းဘဝတွင် အပြောင်းအလဲများစွာ ဖြစ်ခဲ့ရသည်။
စစ်အာဏာသိမ်းယူမှုကို မနန်း စိတ်မဝင်စားပါ။ လင်မယားနှစ်ယောက်ပေါင်းမှ အင်တာနက်အသုံးပြု၍ရသည့် ဖုန်းလေးတစ်လုံးသာရှိပြီး တော်ရုံနှင့် အင်တာနက်အသုံးမပြုခြင်းကြောင့် ဘာတွေဖြစ်နေလည်းဆိုတာ မနန်းမသိပါ။
မဲစာရင်းမှားသည်ဟုဆိုသည့် အကြောင်းပြချက်ကိုတော့ မနန်း လက်မခံနိုင်၊ သူ ဒုမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် မဲရုံတွင် မဲစာရင်းအမှားအယွင်းမရှိစေရေးအတွက် ကိုယ်တော်ရှင်နှင့် တိုင်တည်ကာ မနန်းအာမခံရဲသည်။
မိတ်ဆွေ ဆရာ၊ဆရာမများ အိမ်လာခေါ်တာကြောင့် မနန်းလည်း စက်ဘီးအသစ်လေးဖြင့် လိုက်ပါကာ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်သည်။ မြို့တွင်း လှည့်လည်ဆန္ဒပြပွဲများတွင် လိုက်ပါသည်။
“ရုံးမတက်နဲ့ ဝန်ထမ်းတွေ၊ အိမ်မှာနေပါ ဇိမ်နဲ့ဇိမ်နဲ့
ရုံးမသွားတဲ့ ဝန်ထမ်းတွေ၊ ပြည်သူတွေက ကျွေးထားမှာဗျ
အာဏာရှင်ကို ဖြုတ်ချရန်၊ CDM မှာပါဝင်ကြစို့ ‘’
ဟု ပြည်သူများ၏ ကြွေးကြော်သံများအကြားတွင် မနန်းကိုယ်တိုင် တက်ကြွစွာ လိုက်ပါခဲ့သည်။
လစာထုတ်ပြီးကာစ အချိန်ကလေးဆိုတော့ မနန်းတို့ ပူပန်မှုမရှိခဲ့။ မဲစာရင်းမှားလို့ အာဏာသိမ်းသည်ဆိုသည်ကို မနန်းလည်း လက်မခံ။ ထို့ကြောင့် မနန်း CDM လုပ်ရှားမှုတွင် ပါဝင်ဖြစ်ခဲ့သည်။
ပထမတစ်လ ပညာရေးမှူးနှင့် ညှိနှိုင်းကာ မနန်းတို့ လစာထုတ်နိုင်ခဲ့သည်။ ဒုတိယလမှာတော့ မနန်းတို့ကို ဖမ်းမည် ဆီးမည်ဆိုသည့် ခြိမ်းခြောက်မှုများကြားတွင် မနန်းတို့ လစာမရတော့။ မနန်းမကြောက်ပါ။ ပြည်သူတွေက မနန်းတို့ကို ကျွေးထားမည်ဖြစ်သည်။
“ အစပိုင်းတုန်းကတော့ ဆရာရယ် အိမ်မှာ ဆန်တွေ၊ ကြက်ဥတွေ၊ မုန့်တွေများ အများကြီး လာပို့ပေးကြတာ၊ ကျွန်မတို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ကလည်း ပထမလမှာ ၅သောင်းထောက်ပံ့တယ်၊ နောက်ကျ ၃သောင်းနဲ့ ၄လထောက်ပံ့တယ်၊ တခြားကတော့ မရဖူးပါဘူး ” ဟု မနန်းက ဆိုသည်။
မနန်းတို့ ကျောင်းပြန်တက်ရေးအတွက် စစ်ကောင်စီမှ စာအကြိမ်ကြိမ်ထုတ်ကာ သတိပေးသည်။ မကြာခင်မှာပဲ မနန်းတို့ကို အလုပ်မှ ထုတ်ပယ်ကြောင်း စာပါ ရောက်ရှိလာခဲ့သည်။ သိပ်မကြာခင် ပြည်သူ့အစိုးရလက်ထက်တွင် ထုတ်ချေးပေးထားသည့် ကိုဗစ်ချေးငွေများကို ပြန်လည်ပေးဆပ်ရန် အကြောင်းကြားစာ ရောက်ရှိလာသည်။
“ အကြွေးဆပ်ရမယ်ဆိုတော့ သူများတွေတော့ မသိဘူးလေ၊ ကျွန်မကတော့ လာထောက်ပံ့ထားတာလေးရယ် စက်ဘီးလေးရယ်ကိုရောင်းပြီးတော့ ပြန်ဆပ်လိုက်တယ်၊ မတရားတာကို သိတယ်ဆရာ၊ တရားမှုကို ကျွန်မ မလုပ်နိုင်ရင်တောင် မတရားမှုကို အားမပေးရဘူးဆိုတာ ကျမ်းစာတွေမှာ ဆုံးမပြီးသားပါ ” ဟု မနန်းက ပြောသည်။
နေ့စဉ် မလုံခြုံမှုနှင့် အကြောက်တရားများကြားတွင် မနန်းနေထိုင်နေရပေမယ့် မတရားမှုကို ထောက်ခံပြီး ကျောင်းပြန်တက်ဖို့တော့ မနန်း မစဉ်းစားခဲ့။
တော်လှန်ရေးကာလ အချိန်ကြာမြင့်သည်နှင့်အမျှ မနန်းတို့ကို ထောက်ပံ့အကူညီပေးသူများ ကင်းမဲ့လာသည်။ မနန်းတို့နဲ့ စကားပြောမိလျှင်ပင် အပြစ်ကြီးတစ်ခုသဖွယ် အချို့က ဆက်ဆံလာသည်။
“ စာသင်ပေးခဲ့တဲ့ ကလေးတစ်ယောက်ရဲ့မိဘတွေဆီမှာ ကျွန်မသူတို့ဆိုင်လေးမှာ အလုပ်လုပ်ချင်ပါတယ်လို့ အလုပ်သွားတောင်းတယ်၊ စာအိတ်လေးနဲ့ ငွေတစ်သောင်းကန်တော့ပါတယ်ဆိုပြီး ပြန်လွှတ်တယ်၊ ကျွန်မက အလုပ်ပဲလိုချင်ခဲ့တာပါ ဆရာရယ် ” ဟု CDMဝန်ထမ်းဆိုသည်နှင့် အလုပ်မခန့်ရဲသည့် အချို့အချို့သော သူများအကြောင်းကို မနန်းရင်ဖွင့်သည်။
ကိုဗစ်တတိယလှိုင်းသည် မနန်းတို့ တစ်မိသားစုလုံးကို ဒုက္ခပေးခဲ့သည်။ အမျိုးသားဖြစ်သူမှ သူအလုပ်ဆင်းရာ ဆန်စက်မှတဆင့် ကိုဗစ်စတင်ကူးစက်လာခဲ့ပြီး မနန်းတို့ တစ်မိသားစုလုံး ကိုဗစ်ကူးစက်ကုန်သည်။ ဝင်ငွေမရှိ ဆေးဖိုးမရှိ အဟာရပြည့်အောင် စားဖို့မရှိ။ သားကြီးနှင့် သားငယ်မှာ တောင့်မခံနိုင် အဟာရပြတ်နေပြီ။ ဆန်အိုးထဲတွင် အလှူရှင်တစ်ဦးကြောင့် ဆန်ရှိသော်လည်း သောက်စရာဆေးမရှိ။ အာဟာရပြည့်အောင် ဝယ်ခြမ်းဖို့ ပိုက်ဆံမရှိ။
“ ကျွန်မ နည်းနည်းသက်သာတော့ ဆံပင်သွားဖြတ်ရောင်းတယ်၊ နေမကောင်းတော့ ခေါင်းမလျှော်ထားလို့ဆိုပြီး နှိမ်တယ်၊ ၄သောင်းရလာတယ်၊ ဆိုက်ကားတစ်စီးနဲ့ ဆေးပတ်ဝယ်ရတယ်။ အသီးအနှံလေးတွေနဲ့ ကြက်သားလေးနည်းနည်း ဝယ်ပြီး ဘာမှသိပ်မကျန်လိုက်ဘူး၊ ကလေးတွေ အားရှိဖို့လိုတယ်လေ ” ဟု ဖိနပ်အဖြူရောင်လေးနှင့် ဆံပင်ရှည်ရှည်ဆရာမလေး ဆံထုံးထုံးရန် မလိုအပ်တော့ချိန်မှာ စွန့်လွှတ်မှုကို ဆိုသည်။
လက်ရှိမှာတော့ မနန်း ဆံပင်များ အတော်အသင့်လေး ပြန်ရှည်နေခဲ့ပါပြီ။ ဘယ်နေ့များ အိမ်တံခါးလာခေါက်ကာ ခေါ်ယူစစ်ဆေးခြင်း ခံရမလဲဆိုသည့် ကြောက်ရွံ့မှုကို မနန်း နေ့စဉ် ရင်ဆိုင်နေရဆဲဖြစ်သည်။ မနန်းမျှော်လင့်သည်။ တစ်ချိန်မှာ သားကြီးနှင့် သားငယ်လက်ကိုဆွဲကာ ကျေးလက်ရှိ စာသင်ကျောင်းလေးကို လှေငယ်လေးဖြင့် ပြန်မည်။ ပြန်ရှည်စပြုလာသည့် ဆံပင်ကို ဆံထုံးသေးသေးလေးထုံးမည်။ ကလေးငယ်များကို စာသင်မည်။
အမျိုးသားမှာ ဆန်စက်တွင် အလုပ်ဆင်းရင်း သားကြီးနှင့် သားငယ်ကို မပူပင်ရအောင် ထားရှာသည်။ မနန်းလည်း ကံကောင်းခဲ့သည်။ မနန်းတို့ အသင်းတော်မှ အသင်းတော်ဝေယျာဝစ္စလုပ်ဆောင်ရန်အတွက် မနန်းကို အလုပ်ပေးထားသည်။
“ ကျွန်မ ကိုယ်တော်ရှင်ထံမှာ နေ့စဉ်ဆုတောင်းတယ်ဆရာ၊ မီးလောင်ပြင်တွေ အမြန်ငြိမ်းပါစေ၊ ပြည်သူတွေရဲ့ မျက်ရည်တွေကို ဘုရားရှင် ဖယ်ရှားပေးပါစေ၊ အမြန်ဆုံးငြိမ်းချမ်းပါစေ၊ မတရားမှုတွေ ပပျောက်ပါစေလို့ အမြဲဆုတောင်းတယ်ဆရာ၊ ကျွန်မ ဘုရားရှင်အလိုတော်ကျ တရားသဖြင့်အချိန်မှာ ကျောင်းပြန်တက်မယ်ဆရာ ” ဟု ဆံပင်တိုတိုနှင့် မနန်းက ဆိုသည်။