By မြတ်နိုးသူရ / MPA
အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းကာလမှစ၍ လက်ရှိအချိန်ထိ မြန်မာနိုင်ငံရှိ ပြည်သူများမှာ စီးပွားရေး၊ လုံခြုံရေးများအပြင် ၎င်းတို့၏ အသက်အန္တရာယ်အထိပါ စိုးရိမ်စရာအခြေအနေအဖြစ် ဖြတ်သန်းနေရသည်။ အာဏာသိမ်းကာလတွင် မြန်မာပြည်အတွင်း ရှာဖွေစားသောက်ရသည်မှာ ခက်ခဲလာ၍ အချို့မှာ ပြည်ပသို့ အလုပ်သွားလုပ်ရန် ရွေးချယ် ဆုံးဖြတ်လာကြသည်။ ထိုသို့ဆုံးဖြတ်ချက် ချကြသော်လည်း အခက်အခဲများစွာနှင့် လူငယ်တချို့မှာ ရင်ဆိုင်နေရဆဲဖြစ်သည်။
ပြည်ပသို့ အလုပ်ထွက်လုပ်ရန် အဆက်အသွယ်မရှိ၍သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း အချို့မှာ အာဏာသိမ်းအခြေအနေမှာပင် မြန်မာနိုင်ငံအတွင်း ရရှိသည့် အလုပ်များကို ဆက်လက်လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်းပြုနေရသည်။
ထိုထဲတွင် မြန်မာနိုင်ငံအတွင်းမှာပင် အသက်ဝမ်းကျောင်းပြုနေရသည့် အထည်ချုပ် အလုပ်သမားများသည်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည်။ လက်ရှိကာလတွင် အဆိုးရွားဆုံးဖြစ်ပေါ်နေသည့်အကြောင်းအရာများမှာ အလုပ်သမားအခွင့်အရေးဆုံးရှုံးနေခြင်းနှင့် ၎င်းတို့၏ လုံခြုံရေးအတွက်ပါ စိုးရိမ်လာရခြင်းဖြစ်သည်။
အာဏာသိမ်းကာလတွင် ၎င်းတို့ ခံစားနေရသည့်အဖြစ်အပျက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ သွားရောက်တိုင်ကြားရန်မှာလည်း မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေသည်။ တရားဥပဒေစိုးမိုးမှု အားနည်းလွန်းသည့် လက်ရှိအခြေအနေတွင် အခွင့်အရေးချိုးဖောက်ခံရမှုများကို သွားရောက် တိုင်ကြားမှုပြုခဲ့လျှင်လည်း ၎င်းတို့အတွက် နောက်ဆက်တွဲပြဿနာများက ခန့်မှန်း၍ မရနိုင်ပေ။
လုပ်ခလစာက တိုးမလာသည့်အပြင် နေ့စဥ် နေထိုင်စားသောက်စရိတ်က ကြီးမြင့်နေသည့်ကြားက ယင်းကဲ့သို့ အခွင့်အရေး ဆုံးရှုံးမှုများ ဖြစ်နေရသည့်အတွက် ၎င်းတို့၏ လက်ရှိအခြေအနေကို စာနာနားလည်၍ ရနိုင်သည်။ မကြာမီကာလက အထည်ချုပ်စက်ရုံတစ်ခုတွင် လစာ လာထုတ်သည့် အလုပ်သမား ၃၀ ကျော်ကို လုပ်ခလစာမပေးသည့်အပြင် အလုပ်ရှင်က စစ်တပ်နှင့် ရဲကိုခေါ်ပြီး အလုပ်သမားများကို ရိုက်ခိုင်းသည်ဆိုသည့် သတင်းများထွက်ပေါ်လာခဲ့သည်။
အဆိုပါအဖြစ်အပျက်ဖြစ်ပွားခဲ့သည့် စက်ရုံသည် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မွေးမြူရေးဇုန် အမှတ်(၆) ရွှေရင်အေးဘုရားလမ်း (လမ်းသွယ် ၁၀) တွင် ဖွင့်လှစ်ထားသည့် ( Likes View Tex Garment Co.Ltd ) အထည်ချုပ်စက်ရုံဟု ဆိုသည်။
၂၀၂၂ ခုနှစ် (၅) လပိုင်း (၁၇) ရက်နေ့က ယင်းစက်ရုံတွင် အော်ဒါမရှိ၍ အလုပ်နားရမည်ဟုဆိုကာ အလုပ်သမား (၅၀) ကျော်ကို နစ်နာကြေးမပေးသည့်အပြင် လစာနှင့် အောလင်း တစ်ပတ်လုံးဆင်းပေးထားသည့် အိုတီကြေးမပေးဘဲ လကုန်လျှင် လစာ လာထုတ်ဟုဆိုပြီး အလုပ်ထုတ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက်တွင် လူဟောင်းများကို ထုတ်ကာ လူသစ်နေ့စားအလုပ်သမားများခေါ်ယူပြီး လုပ်ငန်းခွင်ကို ပြန်လည် လည်ပတ်ခဲ့သည်ဟုဆိုသည်။
ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က အလုပ်သမားများ၏ သတင်းစကားများ၊ အဖြစ်အပျက်တချို့ နှင့် တိုင်ကြားမှုများကို လက်ခံရရှိခဲ့သည်ဟုဆိုသည်။
မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၏ တရားဝင်ပေ့ချ်တွင်လည်း “စက်ရုံ၏ တာဝန်ရှိသူက ( ၆) လပိုင်း(၂၀) ရက်နေ့မှာ အလုပ်သမားတွေကို လစာထုတ်ပေးမယ် လာခဲ့ဆိုပြီး ဖုန်းဆက်ခေါ်ပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၃၀ ကျော်ဝန်းကျင်လောက် စက်ရုံအရှေ့မှာ လစာလာထုတ်ကြပါတယ်။ သူဌေးမရှိဘူးဆိုလို့စောင့်နေကြတာ။ ည ၈နာရီထိုး လောက်မှာ သူဌေးမက ရောက်လာပြီး လစာကို သုံးသောင်းကျပ်) ပဲ ထုတ်ပေးပါတယ်။ အလုပ်သမားတွေက အပြည့်အဝပေးဖို့ပြောတော့ သူဌေးမက ဘာမှပြန်မပြောဘဲ ကားနဲ့ထွက်သွားပြီး မကြာမီ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ် ၂စီးနဲ့ စစ်သား(၂) ဦး ရဲ (၂)ဦးကို ခေါ်လာပြီး အလုပ်သမား ယောကျ်ားလေးတွေကို စိန်ခေါ်ထုတ်ပါတယ်။ မိန်းကလေးတွေကိုလည်း ဆဲဆိုပြီး ဘယ်ကောင်မ ဂျိုထောင်နေတာလဲ။ ယောကျ်ားလေးတွေကို ဘယ်ကောင်က မကျေနပ်တာလည်းဆိုပြီး တုတ်တွေနဲ့ဝင်ရိုက်ပါတယ်”ဟုဆိုပြီး ထုတ်ပြန်အသိပေးခဲ့သည်။
ထိုသို့ ရိုက်နှက်မှုကို မျက်မြင်တွေ့ခဲ့သူတစ်ဦးထံသို့ MPA မှ စုံစမ်းမေးမြန်းခဲ့ရာ ယခုလို ရှင်းပြသည်။ “HR မန်နေဂျာက သူဌေးမရဲ့မောင်။ သူ့ကို ပိုက်ဆံတွေပေးထားတယ်။ အမကတော့ နာရေးရှိလို့ တခြားနေရာသွားနေရတယ်ဆိုပြီးပြောပြီးထွက်သွားတယ်။ ဝန်ထမ်းတွေက ၂၀ ရက်နေ့နံနက် လေးနာရီကတည်းက စက်ရုံရှေ့ကို ရောက်နေတာပါ။ ရဲကကျတော့ အရပ်သားအဝတ်နဲ့လာတာ။ လေးယောက်။ သောင်ကြီးရဲစခန်းကလို့တော့ပြောတယ်။ အထိုးခံရတဲ့သူတွေကတော့ မျက်နှာတွေ ပါးစပ်တွေထိုးခံရတယ်။ ထုထောင်းခံရတာတွေမြင်ပါတယ်။ ပါးစပ်ထဲက သွေးတွေဘာတွေထွက်တယ်။ ရင်ဘက်တွေလည်း ဆောင့်ကန်တယ်။ မိန်းကလေးတွေကိုလည်း နင်တို့ပိုက်ဆံတော့မရဘူး။ ငါနဲ့လာအိပ်လို့ပြောတယ်”ဟု အဆိုပါဖြစ်ရပ်ကို မြင်တွေ့ခဲ့သူက MPAသို့ ပြောပြသည်။
အရပ်ဝတ်နှင့် အလုပ်သမားများကို လာရောက် ရိုက်နှက်ခဲ့သည့် လေးဦးနှင့် ပတ်သက်၍ ၎င်းတို့တွင် “လက်နက်တွေရော ပါလာသေးလား”ဟု MPA ၏ မေးမြန်းမှုကို လက်နက်(သေနတ်) များယူဆောင်လာသည်ကို မတွေ့ရသော်လည်း ၎င်းတို့လက်ထဲတွင် နံပါတ်တုတ်များပါလာသည်ဟု မျက်မြင်အမျိုးသမီးက MPA သို့ ရှင်းပြပြောဆိုသည်။ MPA အနေဖြင့် ထိုသို့ ရိုက်နှက်ခံရသည့် အလုပ်သမားများကို တိုက်ရိုက်ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရေးသေးပေ။
ယခုကဲ့သို့ အခြေအနေများကို အမှန်တကယ် တွေ့ကြုံခံစားနေရသူများအနေဖြင့် အခွင့်အရေးများ ဆုံးရှုံးနေရခြင်းအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကို သွားရောက်တိုင်ကြားရန်ပင် နောက်ဆက်တွဲအန္တရာယ်များအတွက် ဖြစ်လာမည့်အရေးကို ချိန်ဆပြီး နေထိုင်နေရသည်။
ထိုကဲ့သို့ ဖြစ်နေသည့် အခြေအနများအတွက် MPA အနေဖြင့် မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ မမိုးစန္ဒာမြင့်ထံ ဆက်သွယ်မေးမြန်ခဲ့ရာ “စက်ရုံက တရုတ်နဲ့ မြန်မာ ၂ ဦးပိုင်တာပါ။ စက်ရုံ(သက်တမ်း)က ၂ နှစ် နီးပါးလောက်တော့ ရှိနေပါပြီ။ အဲ့ဒီစက်ရုံမှာရှိတဲ့ အလုပ်သမားတွေဟာ ဒီလိုဖြစ်ရပ်မျိုးကို လူမသိ သူမသိ ခံစားခဲ့ရတာ ၄ ကြိမ်ရှိခဲ့ပြီး အလုပ်သမားတွေ နစ်နာခဲ့ကြရတယ်။ လက်တလောတော့ FGWM အနေနဲ့ အလုပ်သမားတွေရဲ့ ပကတိအခြေအနေတွေကို နားထောင်ပြီး သတင်းတက်ခြင်း၊ ဖြေရှင်းရန်အကြံပြုချက်များပေးခြင်း စတာတွေနဲ့ လုပ်ဆောင်ပေးနေပါတယ်”ဟု ဖြေကြားခဲ့သည်။
ထိုကဲ့သို့ လုပ်ခလစာကိစ္စနှင့် ထိုးနှက်အရိုက်ခံရသည့် အဖြစ်အပျက်များဖြစ်ပေါ်နေသလို တစ်ဘက်တွင်လည်း အလုပ်သမားများအကြားခွဲခြားဆက်ဆံမှုများလည်း ရှိနေသည်ဟု စုံစမ်းသိရှိရသည်။ ယခုရက်ပိုင်းအတွင်းမှာပင် ၅/ မှတ်ပုံတင်ကိုင်ဆောင်ထားသည့် စစ်ကိုင်းတိုင်းတွင် နေထိုင်သူအချို့နှင့် ၈/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် မကွေးတိုင်းတွင် နေထိုင်သူအချို့မှာ အလုပ်လျှောက်ရာတွင် စက်ရုံများက လက်မခံသည့် အခြေအနေများလည်း ရှိနေသည်ဟု သိရှိရသည်။
ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က “ပုံသဏ္ဍာန်က အမျိုးမျိုးကြားရတယ်။ ပုံမှန်ဆို အထည်ချုပ်စက်ရုံတွေက လကုန်ပြီး ၅ ရက်နေ့ဆို လစာထုတ်ကြတယ်။ အဲ့ဒီ၅ရက်နေ့မှာ လစာထုတ်ပြီးလိုရှိရင် ဒီ ၅/၊ ၈/တွေ၊ တချို့လည်း ၉/တွေလည်းပါတယ်ပေါ့နော်။ ဒီမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့အလုပ်သမားတွေကို အလုပ်ဖြုတ်တာတွေ၊ ထုတ်တာတွေဆိုတဲ့အသံတွေ ကြားနေရတယ်။ တချို့စက်ရုံတွေကျတော့လည်း လစာထုတ်ပြီး အချိန်ကျတော့မှ တိတိကျကျ သိရမယ်ဆိုတဲ့ အကြောင်းကို အလုပ်သမားတွေက အမတို့ကို သတင်းပို့လာတယ်။ အခြားစက်ရုံတွေက အလုပ်သမားတွေကျတော့ ဒီမှတ်ပုံတင်ကိုင်ထားတဲ့အလုပ်သမားတွေကို အလုပ်တွေက မခန့်ဘူး။ ထုတ်ပစ်ရမယ်ဆိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက စက်ရုံတွေကို စာပို့လာတဲ့ ပုံစံမျိုးနဲ့ စက်ရုံအလုပ်သမားတွေက အမတို့အဖွဲ့ချုပ်ကို ဆက်သွယ်ပြီးပြောတာမျိုးရှိတယ်”ဟု MPA သို့ ရှင်းပြသည်။
မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်အနေဖြင့် ယင်းသို့ အခြေအနေများအတွက် ပိုမိုခိုင်လုံသည့် သက်သေများ ရရှိရန် စုံစမ်းဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။
ဆက်လက်၍ အထည်ချုပ်စက်ရုံအလုပ်သမားအတွက် လုံခြုံရေးအခြေအနေသည် နောက်ထပ် ပုံစံတမျိုးနှင့် ကြုံတွေ့နေရသေးသည်။ ယင်းမှာ လစာထုတ်သည့် ရက်များကို စက်ရုံများရှေ့တွင် အမည်မသိ လူတစ်စုက လိုက်လံစုံစမ်းနေသည့် ဖြစ်ရပ်များလည်း ရှိနေသည်ဟုဆိုသည်။
ထိုသို့ အခြေအနေများနှင့် ပတ်သက်၍ ရွှေပြည်သာတွင် အလုပ်လုပ်ကိုင်နေသည့် အထည်ချုပ်အမျိုးသမီးတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ကျွန်မတို့ စက်ရုံမှာတော့ အဲ့လိုမျိုးတွေမကြုံရသေးပါဘူး။ ဒါပေမဲ့ အခုကာလက လုံခြုံရေးက သိပ်သတိထားရပါတယ်။ လစာက စာအိတ်နဲ့ပေးတာဆိုတော့ ကျွန်မတို့က ဖယ်ရီစီးရတဲ့သူတွေဆိုပေမဲ့ ဖယ်ရီချပေးပြီး လမ်းခရီးမှာလည်း အလုခံရတာတွေဖြစ်နိုင်ပါတယ်။ တော်တော်များများက ဖယ်ရီစီးကြတာပါ။ ဒါမျိုးဖြစ်နိုင်တာက ဖယ်ရီချပေးပြီး အိမ်ပြန်လမ်းခရီးရယ်၊ လကုန်ရက်ဆို ဖယ်ရီမစီးဘဲ သူငယ်ချင်းတွေနဲ့ ချိန်းပြီး မုန့်စုစားတဲ့ အခြေအနေမျိုးမှာသာ ဖြစ်နိုင်တာပါ”လို့ ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်၍ ၎င်း၏ အမြင်ကို ပြောပြသည်။
မြန်မာနိုင်ငံအထွေထွေအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဌ မမိုးစန္ဒာမြင့်ထံ ယင်းအခြေအနေများနှင့် ပတ်သက်၍ ထပ်မံမေးမြန်းခဲ့ရာ အလုပ်သမားများအနေဖြင့် လစာထုတ်ရက်တွင် ခိုးဆိုးလုယက်ခံရမှုများနှင့် ခါးပိုက်နှိုက်ခံရမှုများ ဖြစ်ပေါ်ကြုံတွေ့နေရပြီး ယင်းသို့ စက်ရုံများတွင် လစာထုတ်ရက်ကို ပြောင်ပြောင်တင်းတင်း လာမေးသည့်ဖြစ်ရပ်များမှာ အမှန်တကယ်ဖြစ်ပေါ်နေသည်ဟု သတင်းစကားပါးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်သည့် ခန့်မှန်းချက် အသစ်များအရ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာလွှဲယူပြီးနောက် ၁၈ လ ကြာကာလနှင့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တစ်နှစ်ခွဲကြာ ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် အလွန်အမင်း ကြုံတွေ့နေရလျက် ရှိသည်ဟု ဆိုသည်။
၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးများနှင့် အမျိုးသားများ၏ အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားကြောင်း (ILO) က ခန့်မှန်းထားပြီး၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် အလုပ်အကိုင် အခြေအနေ အနည်းငယ် ပြန်လည် ကောင်းမွန်လာကြောင်း ညွှန်ပြနေသည်ဟုလည်းဆိုသည်။
သို့သော် အလုပ်အကိုင် အရည်အသွေးများ ပိုမို ဆိုးရွားလာလျက်ရှိပြီး၊ အလုပ်အကိုင်များသည် ၂၀၂၀ ခုနှစ် အချိန်ကာလထက် အဆင့်နိမ့်ကျလျက် ရှိနေပြီး အမျိုးသမီးများသည် အမျိုးသားများထက် အဘက်ဘက်မှ ပိုမိုထိခိုက်ခံစားနေရလျက် ရှိနေသည်ဟု (ILO) က ဩဂုတ်လ (၁) နေ့က ထုတ်ပြန်အသိပေးထားသည်။
ကိုဗစ်ကပ်ဘေးနှင့် အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှု အခြေအနေများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ်အတည်းများကြားတွင် ယင်းသို့အခြေအနေများအတွက် ဆုံးရှုံးနစ်နာမှုများကို အလုပ်သမားများအနေဖြင့် အမှန်တရားနှင့် ရပိုင်ခွင့်များကို မည်သည့်နေရာမှာ သွားရောက်ရှာဖွေရမလဲဆိုသည်မှာ အတော်ပင် စဉ်းစားရကျပ်သည့် အခြေအနေများပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။