စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးအကျပ်အတည်းဖြစ်ပေါ်လာကာ အစာပြေရောင်းချသည့် ခေါင်းရွက်ဗျက်ထိုး စျေးသည်များသည် ဝယ်ယူစားသုံးသူ နည်းလာသဖြင့် နေ့စဉ် အရှုံးပေါ်နေရပြီး စားဝတ်နေရေး ကျပ်တည်းလျက်ရှိ ကြောင်း အဆိုပါ စျေးသည်များထံမှ စုံစမ်းသိရှိရသည်။
မြန်မာမုန့် ၊ အိန္ဒိယမုန့် စသဖြင့် အလွယ်တကူ စားသုံးနိုင်သော အစာပြေမုန့်များ ရောင်းချသည့် ခေါင်းရွက်ဗျက်ထိုး စျေးသည်များအတွက် နေ့စဥ် ရောင်းကုန်များ ဝယ်သူနည်းပါးသဖြင့် ပစ္စည်းများကျန်နေရပြီး ယင်းမှာ ၎င်းတို့၏ နေ့စဥ် ဝင်ငွေအား ဆိုးဆိုးရွားရွား ထိခိုက်လာစေကြောင်း သိရသည်။
” မရောင်းရဘူး။ စမူဆာတွေရော ဗယာကြော်တွေရော ဗန်းလိုက်ကြီး ကျန်တာ၊ ရှုံးတာပေါ့၊ ကိုယ့်ဘာသာ ပြန်ပြန်စားနေရတယ်” ဟု တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမအနီး ဗယာကြော်ရောင်းချလေ့ရှိသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
နေ့စဉ် အရောင်းပါးသဖြင့် စျေးရင်းပြန်ရရေးအတွက် နေ့ပြန်တိုးများဖြင့် ငွေချေးယူရသည့်အပြင် စားဝတ်နေရေးအတွက်ပါ ငွေချေးနေရသဖြင့် အကြွေးများ ပိလာကြောင်း စျေးသည်များကဆိုသည်။
” ကျမက ရေမုန့်ရောင်းတာ နေ့တိုင်း အရင်းမရတော့ဘူး။ အဲ့ဒီတော့ နေ့ပြန်တိုးနဲ့ချေး။ အခုက အိမ်ငှားခ နေ့တိုင်းစားဖို့သောက်ဖို့တွေကလည်း ရှိသေးတယ်။ နေ့တိုင်း ရှုံးနေတော့ အကြွေးက သိန်းချီ အတိုးကလည်း မရပ်ဘူး” ဟု လမ်းမတော်မြို့နယ်၌ ရေမုန့်ရောင်းသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် အထွေထွေကုန်စျေးနှုန်းများသည် သုံးဆကျော်အထိမြင့်တက်လာသော်လည်း ဝင်ငွေမတိုးလာခြင်းကြောင့် ပြည်သူများသည် နေ့စဉ် ချွေတာနေရသဖြင့် ယခင်ကကဲ့သို့ အစာပြေမုန့်စားသုံးခြင်းမျိုး မရှိတော့သည်ကို တွေ့ရသည်။
” လစာက လေးသိန်း၊ ကားခက ခြောက်သောင်း၊ စားတာနဲ့ဆို အကြွေးတောင် တင်သေးတယ်။ မနက် ကောက်ညှင်းပေါင်း၊ မုန့်ဟင်းခါး စားဖို့တောင် တစ်ထောင်လောက်ပေးနေရတော့ မစားဖြစ်တော့ဘူး” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းများထိုးတက်လာရာ အစာပြေမုန့်များပြုလုပ်ရန် လိုအပ်သည့် ဆန်၊ ကောက်ညှင်း၊ ဆီစသည့် အမယ်များလည်း စျေးနှုန်း သုံးဆကျော် တက်လာသဖြင့် စျေးသည်များ စျေးတင်ရောင်းလာရပြီး တစ်ဖက်တွင် စားသုံးသူ ကျဆင်းလာခဲ့ရခြင်းလည်း ဖြစ်သည်။