ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများအနေဖြင့် စစ်ကောင်စီထံငွေပေးမှသာ စိုက်ပျိုးထားသည့် မိုးစပါးများကိုရိတ်သိမ်းခွင့်ရကြောင်း ဒေသခံများထံက သိရသည်။
“ ကိုယ်ပိုင်တဲ့ လယ်ကစပါးရိတ်တာတောင် စစ်ကောင်စီက ပိုက်ဆံတောင်းတာ၊ သူတို့တောင်းတာမပေးရင် မရိတ်ရဘူးပြောတယ်။ လယ်ဧက ပိုကျယ်တာတို့ လယ်ကွက်များတဲ့သူတွေဆို ပိုက်ဆံကို ၅ သိန်းအထက်တောင်းတာ၊ ကျွန်တော်လယ်ကွက်ကျ အရမ်းမကြီးဘူးလေ၊ ဒါတောင် ၅ သိန်းပေးရတယ်” ဟု စစ်ကောင်စီထံငွေပေး၍ စပါးရိတ်နေရသည့် လယ်ပိုင်ရှင်တစ်ဦးက MPA ကိုပြောပါသည်။
စစ်ကောင်စီတပ်က ပုဇွန်မြောင်းကျေးရွာရှိ လယ်ကွက်များအတွင်း ကင်းချထားပြီး ၎င်းတို့တောင်းသည့်ငွေမပေးပါက လယ်ကွက်အနားသို့ ကပ်ခွင့်မပြုဘဲ ပစ်မိန့်ပါပေးထားကြောင်း ပုဇွန်မြောင်းကျေးရွာတွင်နေထိုင်သည့် တောင်သူတစ်ဦးက ဆက်လက်ရှင်းပြသည်။
“ ရွာအတော်များများမှာ ဒီအချိန်က စပါးရိတ်ချိန်ဆိုတာသိလို့ ပိုက်ဆံလိုချင်လို့ အခုလိုတွေလုပ်နေတာ။ တစ်ခြားရွာဘက်တွေဆို ပိုက်ဆံလဲပေးရတယ်၊ ရိတ်လို့ရတဲ့စပါးတောင် ၃ ပုံ ၁ ပုံပေးရသေးတယ်။ တစ်ချို့ဆို တောင်းတဲ့ပိုက်ဆံမပေးနိုင်လို့ စပါးမရိတ်တော့ဘူးပြောရင် စစ်ကောင်စီက သူတို့ပဲ ရိတ်ပြီးယူသွားတာ” ဟု အင်ဝိုင်းကျေးရွာက စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
မိုးစပါးစိုက်ပျိုးထားသည့် တောင်သူများအနေဖြင့် စစ်ကောင်စီကတောင်းသည့် ငွေပမာဏကိုပေးပြီးသည့်တိုင် ရိတ်ခြွေစက်မောင်းသူတစ်ဦးနှင့် အလုပ်သမား ၂ ဦး စုစုပေါင်း ၃ ဦးသာ လယ်ကွက်အတွင်းသို့ ဝင်ရောက်လုပ်ကိုင်ခွင့်ပြုပြီး စပါးရိတ်နေချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေကြောင်း ၎င်းကဆိုသည်။
ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးစပါးစိုက်ဧကပေါင်းများစွာရှိသည့်အနက် စစ်ကောင်စီကတောင်းသည့် ငွေမပေးနိုင်သဖြင့် စပါးမရိတ်သိမ်းနိုင်သည့် တောင်သူအများအပြားရှိနေပြီး လယ်ကွင်းများအနီးတွင်လည်း စစ်ကောင်စီတပ်သားများ လူအင်အား လက်နက်အင်အားအပြည့်ဖြင့် စောင့်ကြည့်နေကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ ကျေးရွာများအတွင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာအတွင်းသို့ဝင်ကာ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်မည်ကို စိုးရိမ်နေကြရပြီး အချို့မှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြကြောင်း ပုဇွန်မြောင်းကျေးရွာနေ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုဇွန်မြောင်း၊ အင်ဝိုင်း၊ ကုန်းတလကြီး၊ ပြင်ရေ၊ မှော်ပြား၊ ကွင်းဒလေး စသည့်ကျေးရွာများတွင်တပ်စွဲကာ စပါးရိတ်မည့်တောင်သူများထံမှ ငွေကြေးများတောင်းခံနေပြီး ရွာခံပြည်သူများမှာလည်း စစ်ရှောင်စခန်းများတွင် တိမ်းရှောင်နေရကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်းရှိ စပါးစိုက်တောင်သူများအနေဖြင့် စတင်စိုက်ပျိုးသည့်အချိန်မှစ၍ စပါးရိတ်သိမ်းချိန်အထိ သွင်းအားစုနှုန်းထားကြီးမြင့်ခြင်းပြဿနာ၊ စက်သုံးဆီရှားပါးမှုကြောင့် ရိတ်ခြွေစက်ငှားရမ်းခကြီးမြင့်သည့် ပြဿနာများရင်ဆိုင်နေရသဖြင့် စပါးထွက်နှုန်းများလျော့ကျကာ အခက်အခဲများစွာကြုံတွေ့နေရချိန် ယခုကဲ့သို့ စစ်ကောင်စီ၏ ငွေညှစ်ခြင်းကိုပါ ခံစားနေရသည်။