By MPA /ခေတ်မင်းကို
လက်ကားဒိုင်များတွင် စျေးမတက်သော်လည်း လက်လီတစ်အိတ်ချင်း အိမ်အရောက်ပို့သည့် လက်လီဆိုင်များတွင် ရွှေဘိုဆန်ချောရှယ်(ထိပ်စ) ၁၀၈ပေါင်တစ်အိတ်ကို တစ်သိန်းကျော်ဖြင့် စျေးကွက်ပေါက်စျေး ဖြစ်ပေါ်နေကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
“ဆန်ဒိုင်မှာ တစ်အိတ်ရှစ်သောင်းကျော်ပဲ။ အခုတောင်စျေးပြန်ကျနေပြီ။ အိမ်အရောက်ပို့ရင်ကျတော့ ကားဖိုး၊ ဆီဖိုး၊ အလုပ်သမားခ စုစုပေါင်းရင် တစ်သိန်းကျော်သွားတာပေါ့။ ဒါတောင် တခြားဝန်ဆောင်မှုတွေ စိတ်ရှုပ်စရာတွေရှိလို့ လက်လီတောင်မရောင်းတော့ဘူး ” ဟု ဝါရင့်ဆန်ကုန်သည်တစ်ဦးက ပြောသည်။
အခြေခံလူတန်းစားအများစုစားသုံးသော ဧရာဝတီပေါ်ဆန်းနှင့် အခြားဆန်စျေးများလည်း စက်သုံးဆီကြောင့် လက်လီစျေးတွင် ဆန်စျေးတက်နေသော်လည်း ဒိုင်စျေးများမှာ ပုံမှန်အနေအထားတွင်ရှိကြောင်း ယခင်နှစ်ဆန်စျေးဖြင့် နှိုင်းယှဉ်ကာ ၄င်းကဆက်ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်အိတ်နှုန်းဖြင့် ရောင်းချပေးနေပြီး ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ၅၂,၀၀၀ကျပ်မှ ၅၅,၀၀၀ကျပ်၊ ကြားပျံ တစ်အိတ်ကို ၅၅,၀၀၀ကျပ်မှ ၆၀,၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၇၅,၀၀၀ကျပ်မှ ၇၇,၀၀၀ ကျပ်၊ ရက်၉၀တစ်အိတ်ကို ၃၅,၀၀၀ကျပ်မှ ၃၇,၀၀၀ကျပ်နှုန်းဖြင့် လက်လီရောင်းချနေမှုများ ရန်ကုန်တွင် ဆောင်ရွက်နေသည်။
“ဆန်စျေးက တစ်သိန်းကျော် အိမ်အရောက်ဖြစ်တာ တစ်ပတ်လောက်ရှိနေပြီ၊ ဒိုင်စျေးနဲ့ကွာပေမယ့် သွားဝယ်မယ်ဆို လမ်းစရိတ်နဲ့ဆိုဘာမှ သိပ်ထူးမယ်မထင်ဘူး ” ဟု တောင်ဥက္ကလာပမှ အိမ်ရှင်မတစ်ဦးက ဆိုသည်။
အထွေထွေ ကုန်စျေးနူန်းမြင့်တက်မှုသည် ရန်ကုန်ရှိ လက်လီအရောင်းဆိုင်များအတွက် ဝန်ဆောင်မှုနှင့်ကုန်ကျစရိတ်များအတွက် ပုံမှန်စျေးထက် မြှင့်တင်ရောင်းချနေခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီကြောင့် ဆန်တစ်ခုတည်း စျေးနှုန်းမြင့်တက်ခြင်းမဟုတ်ဘဲ စီးပွားရေးကျပ်တည်းကာ ငွေကြေးလည်ပတ်မှု တုံ့နှေးပြီး ရန်ကုန်ကဲ့သို့ စီးပွားရေးမြို့တော်တွင် ရောင်းလိုအားဝယ်လိုအားအရ အထွေထွေကုန်စျေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။