By MPA 001
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်မှ ခွဲတမ်းကျ ရောင်းချနေသည့်ဆန်များသည် ပြင်ပပေါက်စျေးနှင့် ကွာဟမှုသိပ်မရှိနေဟု ပြည်သူများကပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်အိတ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ပြီး ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ၅၂,၀၀၀ကျပ်မှ ၅၅,၀၀၀ကျပ်၊ ကြားပျံ တစ်အိတ်ကို ၅၅,၀၀၀ကျပ်မှ ၆၀,၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၇၅,၀၀၀ကျပ်မှ ၇၇,၀၀၀ ကျပ်၊ ရက်၉၀တစ်အိတ်ကို ၃၅,၀၀၀ကျပ်မှ ၃၇,၀၀၀ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း လာရောက်ဝယ်ယူသည့် ပြည်သူတစ်ဦးက ရှင်းပြသည်။
“သူတို့က သက်သာတဲ့စျေးနှုန်းဆိုလို့ လာကြည့်တာ။ အပြင်စျေးနဲ့ ယှဉ်ရင် အများကြီးသက်သာနေတာမဟုတ်ဘူး ။တစ်သောင်းလောက်ပဲသက်သာတာ။ အခုဒီမှာလာဝယ်ဖို့ ကုန်ကျစရိတ်နဲ့ တွက်လိုက်ရင် ဘာမှမကွာဘူး။ ရပ်ကွက်ထဲမှာဆို အိမ်ပေါ်ထိ တက်ပို့ပေးတယ် ” ဟု လာရောက်ဝယ်ယူသည့် ပြည်သူတစ်ဦးက ရှင်းပြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) ၊ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့ပူးပေါင်းကာ စားသုံးသူများအတွက် သင့်တင့်သက်သာသော စျေးနှုန်းများဖြင့် ခွဲတမ်းကျ ရောင်းချပေးနေခြင်းဖြစ်ကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဩဂုတ်လ ၃ရက်နေ့ကစတာပါ။ ဘာတွေလိုလဲဆိုတော့ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်လိုတာပေါ့။ ဆန်အိတ်က လိုသလောက်ရှိပါတယ်။ ဘယ်အချိန်ထိလဲဆိုတော့ နောက်နှစ်လလောက်အထိပေါ့ ” ဟု ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
လှိုင်မြို့နယ်၊ ဘူတာရုံလမ်းအတွင်း ဆန်ရောင်းချနေသူတစ်ဦးက ဆန်စပါးအသင်းချုပ်မှ ယခုလိုရောင်းချမှုအပေါ် “ ကောင်းပါတယ်။ လျော့လျော့ပေါ့ပေါ့ရတာပေါ့ ။ သူ့ဟာက ဆန်ချောစျေးက အပြင်လိုပါပဲ။ အနားနီးတဲ့သူတောင် ဆိုက်ကားခတော့ ကုန်မှာပဲလေ။ ကိုယ်တိုင်ထမ်းနေရဦးမှာ။ သုံးသောင်းလောက်ဟရင် ကောင်းတာပေါ့။ အခုအပြင်မှာက ဆန်စျေးတက်တယ်ဆိုတာ ၂,၄၀၀တန်ဆန်က ၂,၆၀၀လောက် ဖြစ်သွားရုံလေးပါ။ သူတို့လဲ ဆန်ဟောင်းပဲ ရောင်းပေးနေတာပဲဟာ ” ဟု ရှင်းပြသည်။
လက်ရှိ ပုဂ္ဂလိကဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်း (ဆန်သစ်)တစ်အိတ်ကို ၇၃,၀၀၀ကျပ် မှ ၈၇,၀၀၀ ကျပ်၊ ပေါ်ကျွဲ (မော်ကျွန်း) ဆန်သစ်တစ်အိတ်ကို ၄၂,၀၀၀ကျပ် မှ ၄၄,၀၀၀ ကျပ်၊ ပေါ်ဆန်းနယ်စုံ (ဆန်သစ်) တစ်အိတ်ကို ၅၅,၀၀၀ကျပ် မှ ၅၇,၀၀၀ ကျပ်နှင့် ဧည့်မထ (ဆန်သစ်) တစ်အိတ်ကို ၃၂,၀၀၀ကျပ်တို့ဖြင့် ယနေ့ရောင်းချနေပြီး ဆန်တစ်အိတ်လျှင် ၄,၀၀၀ကျပ်မှ ၈,၀၀၀ကျပ် အထိ စျေးတက်သွားကြောင်း ဆန်ရောင်းချသူများထံမှ စုံစမ်းသိရသည်။