ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၅) တပ်ရင်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ လိုက်လံတိုက်ခိုက်ရာမှ ဒုတပ်ရင်းမှူးအားအရှင်ဖမ်းမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ဧပြီလ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စကခ (၁၅) လက်အောက်ခံ ခမရ (၅၆၅) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဇော်ဇော်အောင်ကို ပြီးခဲ့သည့် ဧပြီ ၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဘဒနာကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ အလျင်အမြန်ကျရှုံးပြီးတော့ မြို့ပေါင်းများစွာဟာလည်း အသိမ်းခံရတယ်။ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဟာဆိုရင်လည်း လက်နက်ချအညံ့ခံတာတွေပါ ရှိလာတယ်။ ဒီအထဲမှာဆိုရင် တပ်ရင်းမှူး၊ ဗျူဟာမှူးတွေကအစပါလာတာမျိုးပေါ့။ စစ်တပ်အနေနဲ့ သူ့ကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ ဘယ်လောက်ထိ ကျရှုံးနေလဲဆိုတာ ဒီဟာတွေက သက်သေပါပဲ။ တိုက်ပွဲမှာတော့ ထိခိုက်ကျရှုံးမှုတွေ ရှိမယ်။ စစ်သုံ့ပန်းတွေ အဖမ်းခံရတာတွေ ရှိမယ်။ ဒီလို အဖမ်းခံရတာတွေ များနေပြီဆိုရင်တော့ အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့ ဆိုလိုတာပဲ ဖြစ်တယ်”ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သုံးသပ်သည်။
DSA အပတ်စဉ်(၄၇)၊ အသက် ၄၀ အရွယ် ဒုတပ်ရင်းမှူး ဇော်ဇော်အောင်သည် ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၄ တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်သည့် စခန်းသိမ်းတိုက်ပွဲတွင် လက်ချ အညံ့မခံဘဲ ထွက်ပြေးနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စခန်းကို လက်နက်မချပဲ ခုခံကြလို့ ကျရှုံးသွားတဲ့ အရာရှိ အကြီးအကဲတွေ ရှိတယ်။ တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ အရာရှိအကြီးအကဲတွေလည်းရှိသလို လမ်းမှာပဲ ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိတယ်။ ဒီလို ဖြစ်စဉ်တွေမှာဆိုရင်လည်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ ဗျူဟာမှူးတွေက အများဆုံးပါကြတာပေါ့။ ဒီလိုဖြစ်စဉ်ကတော့ ကျွန်တော်တို့ ရခိုင်ဘက်မှာ အရင်တိုက်ပွဲတွေတုန်းကဆိုလည်း မရှိသလောက်ပါပဲ။ အခုကတော့ အလံဖြူထောင်ကြတာတွေ၊ ထွက်ပြေးကြတာတွေနဲ့ အဖမ်းခံရတာတွေက ပိုများလာတယ်။ တစ်ဖက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာတွေက ရှိနေသေးတယ်။ အဲ့ဒါကိုပဲ စိုးရိမ်နေရသေးတာပေါ့”ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက်၊ ညနေ ၄ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဘဒနာကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၆၅) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ဇော်ဇော်အောင်ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ပြီးနောက် ရခိုင့်တပ်တော် ဆေးတပ်ဖွဲ့မှ လူသားချင်းစာနာစွာဖြင့် ဆေးကုသပေးလျက်ရှိကြောင်း ရက္ခိုင့်တပ်တော်ထံမှ သိရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း “ULA/AA အနေနဲ့ကတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီထားရှိပြီး ကျွေးမွေးစောင့်ရှောက်တယ်။ နေရပ်ပြန်ပို့တာတွေကို လုပ်ဆောင်တာပေါ့။ စစ်သုံ့ပန်ဂဥပဒေနဲ့အညီ မဟုတ်ဘဲ အငြှိုးအတေးနဲ့လုပ်ဆောင်တာမျိုး၊ အာဃာတ တရားထားတာမျိုးတွေဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကြားမှာ ဒါမျိုးနဲ့ လုပ်ဆောင်တာတွေက မရှိဘူးဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီကိုယ်တိုင်က ချိုးဖောက်နေတာ။ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တစ်နေ့ထက်တစ်နေ့ ကျရှုံးတာ သေဆုံးတာတွေ များလာတာဟာ စစ်တပ်ပြိုကွဲနေပြီဆိုတာကို ပြနေတာပဲ”ဟု မှတ်ချက်ပြုသည်။
ခမရ (၅၆၄) စခန်းမှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၇ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပြီး အခြားလွတ်မြောက်နေသူများကိုလည်း လိုက်လံတိုက်ခိုက် ချေမှုန်းလျက်ရှိကြောင်း သိရသည်။