တိုက်ပွဲများပြင်းထန်လာသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူနှစ်သောင်းကျော်အတွက် အစားအသောက်နှင့်အဝတ်အထည်များ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများကိုကူညီနေသူများနှင့်ဒေသခံများကဆိုသည်။
“အကုန်လုံးက အရေးပေါ်ထွက်ပြေးလာတော့ဘာမှမပါဘူး။ အဓိကလိုအပ်တာကတော့ စားရေးသောက် ရေးပဲ၊ ဆန်တို့ ၊ဆီတို့ ကုန်ခြောက်ပစ္စည်းတွေ၊ အဝတ်စားအနွေးထည်တွေလဲလိုအပ်နေတယ်၊ ညဘက်ဆို အေးတော့ ကလေးတွေလဲအဆင်မပြေဘူး” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးကဆိုသည်။
မြို့ပေါ်ရပ်ကွက်များတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် ကူညီလှူဒါန်းမည့်သူ အများအ ပြားရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာစစ်ဘေးရှောင်စခန်းများတွင် ကူညီထောက်ပံ့ သူ ရှားပါးလျှက်ရှိကြောင်း စစ်ဘေးရှောင်စခန်းများသို့ လိုက်လံလှူဒါန်းပေးနေသူတစ်ဦးကဆိုသည်။
“ရွာဘက်တွေမှာက အစားအသောက်အပြင် ဆေးဝါးပစ္စည်းတွေလိုအပ်နေတယ်၊ လူအများနဲ့ စုနေရတာဆိုတော့ ဖျားတဲ့သူနဲ့၊ ခေါင်းကိုက်တဲ့သူနဲ့၊ အစတည်းက ကျန်းမာရေးမကောင်းတဲ့ သူတွေလဲ ပါတော့ ဆေးဝါးပစ္စည်းတွေလှူဒါန်းပေးနေရတယ်ဟု” အထက်ပါ အလှူရှင်ကဆိုသည်။
ကိုးကန့်တပ် MNDAA၊ ရခိုင့်တပ်တော် AA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်တပ်များ၏ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေ နှစ်သောင်း ကျော်ရှိနေပြီး တောတောင်များအတွင်းပိတ်မိနေသည့် စစ်ဘေးရှောင်ပြည်သူများရှိနိုင်သေးကြောင်း ဒေသခံစစ်ဘေးရှောင်ကူညီရေးအဖွဲ့စည်းများထံကသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာ ၃၀ ရက်တွင်ထုတ်ပြန်ထားသည်။