မန္တလေးတိုင်းဒေသကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး နန်းတွင်း) မှ ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များသို့ ရဟတ်ယာဥ်ဖြင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၃၀) မနက်ပိုင်းနှင့် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတို့တွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး နန်းတွင်း) မှ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) နှင့် DSA ဗိုလ်သင်တန်းကျောင်းသို့ ရဟတ်ယာဥ်ဖြင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
“ လက်နက်တွေလာပို့တယ်ဗျ၊ ဘာလက်နက်အမျိုးအစားလဲတော့ မသိရဘူး။ မြေပြင်ကနေတိုးလို့မရတော့ လေကြောင်းနဲ့ပဲ တက်နိုင်တော့တယ်။ ဓာတုလက်နက်နဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေကို အဆိပ်ငွေ့လိုမျိုးချမယ်လို့ ကြားရတယ်။ အထိနာသထက်ကို နာနေပြီလေ” ဟု တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) မှ အရာရှိတစ်ဦးက MPA သို့ ပြောသည်။
ယနေ့ (နိုဝင်ဘာ ၁ ရက်) မနက် ၈ နာရီခန့်၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှ ပြင်ဦးလွင်သို့ ပို့ဆောင်ခဲ့သည် စစ်လက်နက်ပစ္စည်းများကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်မြေပြင်များသို့ ပို့ဆောင်နေကြောင်းသိရသည်။
“ ပြင်ဦးလွင်တပ်တွေထဲမှာလည်း အသင့်အနေအထားတွေချည်းပဲ နေခိုင်းတယ်။ လက်နက်ချမယ့်အနေအထားမရှိဘူး။ အသေခံတိုက်မယ့်သဘော ရှိတယ်။ ဒါပေမယ့် စစ်အင်အား အရမ်းနည်းနေပြီ” ဟု GE တပ်မှ တပ်တွင်းအရာရှိ တစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ယနေ့ (နိုဝင်ဘာ ၁ ရက်) မနက်ပိုင်းထိ ပြင်ဦးလွင်မြို့ပေါ်နှင့် မြို့အဝင်၊ အထွက် များတွင် အစစ်အဆေး တင်းကျပ်လျက်ရှိပြီး၊ လုံခြုံရေးများ တိုးမြှင့်ချကြောင်း၊ ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
“ ဆိုင်ကယ်တွေဆို တူးဘောက်ကအစစစ်နေတာ။ Mask တပ်ထားရင်ချွတ်ခိုင်းတယ်။ အရပ်သား ပေါ်တာဆွဲတာမျိုး တွေတော့ မကြားမိဘူး” ဟု ပြင်ဦးလွင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ထိစပ်လျက်ရှိသည့် KIA တပ်မဟာ ၄ နယ်မြေ၊ မုံးမော် – နမ့်ဟိုင်းရှိ စစ်ကောင်စီ၏ အရေးပါသည့်တပ်စခန်းကို KIA မှ သိမ်းပိုက်ပြီးနောက် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးတဝိုက်သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပြီး၊ လက်ရှိအချိန်ထိ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။