ရှမ်းပြည်နယ်မြောက်ပိုင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် သံချပ်ကာကား ငါးစီးအနက်၊ တစ်စီးအား အကောင်းအတိုင်း သိမ်းဆည်းရမိခဲ့ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်က MPA သို့ပြော သည်။
အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၊ ညီနောင်မဟာမိတ်သုံးဖွဲမှ့ စစ်ကောင်စီ တပ်စခန်း ၈၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် သံချပ်ကာကား ၅ စီးကိုလည်း သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
“ဖောင်းဆိုင်မှာတော့ စစ်ကောင်စီအားလုံးကိုတိုက်ထုတ်ရှင်းလင်းနိုင်ခဲ့ပြီ၊ ဒီနေ့လည်း စစ်ကောင်စီစခန်းအနီးမှာ နယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ ထွက်ပြေးတဲ့ တပ်ဖွဲ့ဝင်အနေနဲ့ ကျွန်တော်တို့နဲ့လာရောက်ပူပေါင်းကြပါ၊ ဒါမှ မဟုတ် စစ်ကောင်စီကို အတူတကွခေချမှုန်းပါလို့ တိုက်တွန်းလိုပါတယ်။ ပြီးတော့ ငါးရက်တိုက်ပွဲအတွင်းမှာ စစ်တပ်ကနေ သိမ်းမိတဲ့ သံချပ်ကာကား ငါးစီးမှာ လေးစီးက ပျက်သွားတယ်။ တစ်စီးကိုတော့ အကောင်းအတိုင်း သိမ်းဆည်းရမိတယ်” MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်က ပြောသည်။
ယမန်နေ့(အောက်တိုဘာ ၃၀ရက်)၊ ဖောင်းဆိုင်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ကာ၊ စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ရွာခံတွေတော့ အခုထိ ထွက်ပြေးနေရတုန်းပဲ၊ ၂၇ ရက်နေ့ တိုက်ပွဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေတောင် ဒီနေ့မှ ထွက်လာလို့ရတယ်။ တိုက်ပွဲတော့ငြိမ်နေတယ်။ အသံတော့မကြားတော့ဘူး” ဟု ဖောင်းဆိုင်ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများကြောင့် ပြည်သူ ၅၀၀၀၀ ခန့် စစ်ဘေးသင့်နေပြီး ကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်ခွင့်မရှိသောကြောင့် ရက်ရှည်လာပါက စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်လာ နိုင်ကြောင်း သိရသည်။
ယနေ့တွင်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များသည် မူဆယ်၊လားရှိုး၊ နမ့်ခမ်း၊မုံးကိုဘက်၌ စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်နေကြောင်းလည်း သိရသည်။