By MPA 009
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီးများကို သင်တန်းပေးနေသော အကြမ်းဖက်စစ်ကောင်စီစခန်းအား PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ၁၇ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ယနေ့(အောက်တိုဘာ ၃ ရက်) တွင် မြိုင်ပကဖမှ ထုတ်ပြန်ခဲ့သည်။
ပေါက်မြို့နယ်၊ ဇီးပြားရွာတွင် ပျူစောထီး ၉၃ ဦးခန့်ကို သင်တန်းပေးနေသော အကြမ်းဖက်စစ်ကောင်စီစခန်းအား အောက်တိုဘာ ၂ ရက်၊ နေ့လည် ၁ နာရီ ၂၈ မိနစ်ခန့်မှ စတင်၍ ည ၇ နာရီခန့်အထိ PDF များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇီးပြားရွာတွင် ပြည်သူဘက်မှ ပူးပေါင်းပါဝင်ကြသူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ အနိုင်ပြုကျင့်ခြင်း၊ ကျေးရွာတွင်း နေထိုင်မခိုင်းခြင်းတို့ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို တိုင်ကြားလာ၍ မြိုင်ပကဖ ရင်း(၁)အဖွဲ့နှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး ယင်းကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနှင့် ပျူစောထီးအချို့ ထွက်ပြေးခဲ့ပြီး ပျူစောထီး ၅၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်းနှင့် စစ်သား၊ ရဲနှင့် ပျူစောထီး ၁၇ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြိုင်ပကဖမှ ပြောဆိုထားသည်။
ယင်းသေဆုံးအရေအတွက်ကိုမူ MPA သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဖမ်းဆီးရမိသော ပျုစောထီးများကို ပြည်သူဘက်တော်သားများအဖြစ် သစ္စာရှိစွာ ရပ်တည်ပေးမည်ဆိုပါက အသက်ကို စောင့်ရှောက်မှုပေးမည်ဖြစ်ကာ ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်အဖြစ် မရပ်တည်ရန် ဝန်ခံဂတိများ ပြုလုပ်ထားရှိကြောင်း သိရသည်။
ကျေးရွာအတွင်းရှိ ပျူစောထီးပိုင်ဆိုင်သော နေအိမ်များကို ရွာခံများကိုယ်တိုင် ဖျက်စီး၍ စခန်းသိမ်းပိုက်နိုင်သည်အထိ အခြေအနေတစ်ရပ်ရှိသော်လည်း တိုက်ပွဲကြာချိန် ၅ နာရီ ၂၂ မိနစ်ကြာလာကာ ခဲယမ်းအားနည်းသဖြင့် ၎င်းတို့အနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းနှင့် ကျည်မျိုးစုံ ၁၇၀၀၀ ထက်မနည်းကုန်ဆုံးခဲ့ကြောင်း မြိုင်ပကဖမှ ပြောဆိုထားသည်။