By MPA 001
၁၂၀ မမ တာဝေးပစ်လက်နက်ကြီးများကို လိုအပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များထံ အခမဲ့ပေးအပ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့ (နေပြည်တော်) စစ်ရေးတာဝန်ခံ ဗိုလ်တေဇမှပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁ရက်နေ့က နေပြည်တော် ပကဖအနေဖြင့် Mytelတာဝါတိုင်များအားဖြိုလှဲခြင်းဖြင့်ရရှိခဲ့သည့် ကုန်ကြမ်းသံထည်များဖြင့်တည်ဆောက်ထားသည့် ၁၂၀မမကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး ၃မိုင်အကွာအဝေးထိ ပစ်လွှတ်နိုင်ကြောင်း စစ်ရေးတာဝန်ခံ ဗိုလ်တေဇမှ ရှင်းပြသည်။
“ မနေ့က အောင်မြင်စွာထုတ်နိုင်ခဲ့တာပါ။သုံးမိုင်ကျော်ပြေးတယ်ပေါ့။အကိုက အကြံဉာဏ်ပေးတယ်။ယမ်းနဲ့ ဒီဇိုင်းပိုင်းကိုပဲဝင်လုပ်ပေးတယ်။ကျန်တာကို ဗိုလ်ယက္ခနဲ့ ထုတ်လုပ်ရေးအဖွဲ့ကလုပ်တာပါ။လောလောဆည်တော့ တစ်ခုပဲထုတ်ထားနိုင်သေးတယ်။ငွေကြေးလိုအပ်ချက်အရပေါ့” ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့ (နေပြည်တော်) စစ်ရေးတာဝန်ခံ ဗိုလ်တေဇမှ ရှင်းပြသည်။
အထက်ပါ ၁၂၀မမ တာဝေးပစ်လက်နက်ကြီးထုတ်လုပ်မှုအတွက် ကျည်ထိပ်ဖူးတစ်ခုလျှင် ၆သောင်းနှင့် ပြောင်းတစ်ခုလျှင် ငါးသိန်းခန့်ကုန်ကျကြောင်း နေပြည်တော်ပကဖ ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်ယက္ခမှ ပြောသည်။
“ အဓိက ကုန်ကျတာကတော့ ကျောက်ပြား၊ဝရိန်ချောင်းပေါ့။ကားဘီးကလဲဈေးကြီးတယ်။ဒါတွေကို တကယ်လိုအပ်တဲ့တော်လှန်ရေးအဖွဲ့တွေလာအကူအညီတောင်းရင် အခမဲ့ပေးပါ့မယ်။ဗိုလ်တေဇ Facebookအကောင့် မင်စင်ဂျာကနေ သွားပြောလို့ရပါတယ်။နည်းပညာပိုင်းလဲ မျှဝေပေးပါ့မယ်။လိုအပ်တဲ့နေရာတွေဆီလက်နက်ပြည့်စုံပြီးတော်လှန်နိုင်အောင်လို့ပါ” ဟု ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်ယက္ခမှ ရှင်းပြသည်။
ဒါ့အပြင်ဗိုလ်တေဇမှ မိမိတို့နေပြည်တော် ပကဖရှိ လက်နက်ကြီးမမထုတ်လုပ်နေမှုအပေါ် စိတ်ပါဝင်စားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား နည်းပညာဝေမျှသွားမည်ဖြစ်ပြီး မိမိတို့ရှိ ပစ္စည်းများကို လိုအပ်နေသည်ဟုဆိုပါက ဗိုလ်တေဇ အမည်ရှိလူမှုကွန်ရက်အကောင့်မှ တဆင့်လာပြောနိုင်ကြောင်းနှင့် မည်သည့်တော်လှန်ရေးတပ်ဖွဲ့များကို မဆိုတတ်နိုင်သလောက် အခမဲ့ပေးအပ်သွားမည်ဟု MPAမှ တဆင့် အသိပေးခဲ့သည်။
နေပြည်တော်ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇတို့ အနေဖြင့် ၆၀မမ၊၈၁မမနှင့် ၁၂၀မမတို့ကို အောင်မြင်စွာထုတ်လုပ်ထားနိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ ၂ခုထံ ၁၂၀မမအား ပေးပို့သွားရန်ရှိပြီး လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးကြောင်း MPAမှစုံစမ်းသိရသည်။