စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်မီးရှို့ခြင်းခံရသည့် အိမ်ထောင်စု ၉၀၀ကျော်ကို ကူညီနိုင်ခဲ့ပြီ ဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြောသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် မီးရှို့ခံကျေးရွာများအား ကူညီခြင်းကို အဓိကလုပ်ဆောင် နေပြီး ယနေ့အထိ စစ်တပ်မီးရှို့ခံ အိမ်ထောင်စု ၉၃၉ စုအား ကူညီပေးခဲ့ကြောင်း သိရသည်။
“အဖွဲ့ရဲ့အဓိကလုပ်ဆောင်ချက်အနေနဲ့ မီးရှို့ခံလိုက်ရတဲ့ကျေးရွာတွေကို ကူညီမှုပေးနေပါတယ်။
ကူညီမှု စုစုပေါင်းအနေနဲ့ လက်ရှိအချိန်အထိ အိမ်ထောင်စု ၉၃၉စုကို ကူညီနိုင်ခဲ့ပါတယ်”ဟုအညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူတစ်ဦးက ပြောသည်။
မတ်လ၁၂ရက်နေ့တွင် ယင်းမာပင်မြို့နယ်အတွင်းရှိ မီးရှို့ခြင်းခံရသော အိမ်ခြေ၃၈၆လုံးရှိ ကျေးရွာ တစ်ရွာအား တစ်အိမ်ထောင်လျှင် ထမင်းချက်ဒန်အိုး ၁လုံး၊ဇလုံး ၁လုံး၊ ဇွန်းကြီး ၁ချောင်း၊ သောက်ရေခွက် ၁ခွက်၊ ဆန် ၁ပြည်၊ဆီ ၅၀ကျပ်သားနှင့် ငါးသေတ္တာ ၁ဗူးနှုန်း လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ကထုတ်ပြန်ထားသည် ။
ယင်းလှူဒါန်းမှုသည် အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ သတ္တမအကြိမ်မြောက် လှူဒါန်းမှု ဖြစ် သည်။ “အလှူရှင်တွေအနေနဲ့လည်း ဆက်လက်ပြီး ပါဝင်လှူဒါန်းပေးဖို့တောင်းဆိုလိုပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ်မီးဘေးသင့်နှင့် စစ်ရှောင်ပြည်သူများကို မြို့နယ်အလိုက် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များတင်မက အညာပစ်တိုင်းထောင်လေးများအဖွဲ့၊S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့နှင့် သပိတ်တိုက်ပွဲဝင်လူငယ်များက ကူညီပေးလျက်ရှိသည်။
“အင်မတန်မှ အားရစရာ ကောင်းပါတယ်။ သေနတ်ကိုင်နိုင်တဲ့လူငယ်တွေက သေနတ်ကိုင်ပြီး သပိတ် တိုက်ပွဲဝင်သူတွေက သပိတ်တိုက်ပွဲဝင်တယ်။ အခုမီးဘေးသင့် ကူညီတဲ့အဖွဲ့တွေကလည်း အားတက် သရောပဲ သူတို့ တတ်နိုင်တဲ့ဟာတွေ လုပ်နေကြတယ်”ဟု မုံရွာမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦး ကပြောသည်။ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို ၂၀၂၂ခုနှစ်နိုဝင်ဘာ၂၈ရက်ကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။