စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က တောထဲ စစ်ရှောင်နေသော ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
လက်နက်ကြီး ထိမှန်သေဆုံးသွားသူမှာ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာသူ မစုရတနာမြင့် ဖြစ်ပြီး မတ်လ ၆ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
မတ်လ ၆ ရက်က ကန့်ဘလူနယ် ကျီစုရွာဘက်မှ စစ်ကြောင်းလာသဖြင့် ခင်ဦးမြို့နယ် ငါးရုံကြီးရွာ၊ ရှားတောရွာနှင့် မုံလှရွာနေဒေသခံများ တောထဲတိမ်းရှောင်နေစဉ် စစ်တပ်ပစ်သည့် လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ၂ ဦးလည်း ဒဏ်ရာရခဲ့သည်။
“အခုနောက်ပိုင်း စစ်ကြောင်းတွေက ပြည်သူတွေ ထွက်ပြေးနေတာကိုပါ လိုက်ပစ်နေတယ်။ ထိချင်ရာထိ၊ မှန်ချင်ရာမှန်ဆိုပြီး တောက်လျှောက်ပစ်တော့တာ။ စစ်ကြောင်းနဲ့တိုးရင်လည်း အသတ်ခံရဖို့ များတယ်။ ပြေးနေရင်းလည်း လက်နက်ကြီးထိမှာ ပူရသေးတယ်”လို့ ခင်ဦးဒေသ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် ခင်ဦးမြို့နယ်အတွင်း ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာက အသက် ၉၀ ကျော်အရွယ် အဘွားတစ်ဦး စစ်ဘေးရှောင်နေစဉ် အအေးမိ၍ သေဆုံးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
“စစ်တပ်က သက်ကြီးရွယ်အိုတွေကိုလည်း မီးထဲရှို့နေတော့ အသက်ကြီးလည်းပြေးရတာပဲ။ တောထဲမှာ အမိုးအကာမရှိ ဖြစ်သလိုအိပ်၊ဖြစ်သလို စားဘဝဆိုတော့ အေးလည်းအေးနေတော့ အအေးမိပြီးဆုံးတာလို့ ကြားရတယ်”ဟု ၎င်းကပြောသည်။
စစ်ရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များစွာ ပါဝင်ပြီး အခက်အခဲများစွာဖြင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုသည်။
မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာက မောင်ချစ်ရင်ထူး ( ၁၂နှစ်) သည် တောထဲမှ ကောက်ယူလာသည့် ၇၉(မမ)လက်နက်ကြီးကျည်ကို အုတ်ကန်ပေါ်တင်ထားစဉ် မတော်တဆ ပြုတ်ကျသွားပြီး ပေါက်ကွဲခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့သည်။