မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် အတွင်းရှိ ပျူစောထီးရွာတစ်ရွာဖြစ်သည့် ပုဏ္ဏားကြီးရွာကို ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်းခဲ့ရာ ပျူစောထီး၃ဦးအား အရှင်ဖမ်းမိ ခဲ့ကြောင်းသိရသည်။
ဇွန်လ ၁ရက် နေ့ ၊နံနက် ၆နာရီခန့်က ပျူစောထီး အင်အား (၃၀)ခန့်ရှိ ပုဏ္ဏကြီးရွာကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးကြဲချပြီးနောက် မြေပြင်တွင်လည်း တပ်ဖွဲ့ နှစ်ဖွဲ့ခွဲကာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် (ပကဖ)- ဗိုလ်လင်းယုန် တပ်ဖွဲ့က ထုတ်ပြန်သည်။
” ရွာထဲဝင်တဲ့အချိန် အုပ်ကြီးကိုတော့ မမိလိုက်ဘူး၊ ထွက်ပြေးတဲ့ထဲမှာ အကုန်ပါ သွားတယ်။ကင်းမှာကျန်နေခဲ့တဲ့ ပျူစောထီး သုံးယောက်ကိုပဲ အရှင်ဖမ်းမိခဲ့တယ်” ဟု ဗိုလ်လင်းယုန် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော် ဇီးရိုးဝမ်းက MPA သို့ပြောသည်။
PDFပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ပျူစောထီး၃ဦး ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ပြီး ပျူစောထီး၃ဦးနှင့်ဆိုင်ကယ်၅စီးကိုသိမ်းဆည်းရမိခဲ့သည်။
ပုဏ္ဏားကြီးရွာ အုပ်ချုပ်ရေးမှူးအိမ်သို့ ဝင်ရောက် ရှင်းလင်းစဥ် ပျူစောထီး စာရင်းစာအုပ်၊ တူမီး (၂)လက်၊တူမီးယမ်းဆက်စပ်ပစ္စည်းများ၊ လက်လုပ် တစ်တောင့်ထိုး (၂)လက် ၊7.62 ကျည်၊ ကျည်ဘောက်၊ ၁၂၀ (မမ) ပို့ယမ်းနှင့် ဓားနှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
” လက်ရှိအချိန်ထိတော့ ပုဏ္ဏားကြီးရွာကို စစ်ကောင်စီဝင်လာတာ မျိုးမကြားသေးဘူး၊ အဲ့ရွာနဲ့ ၂မိုင်လောက်ဝေးတဲ့ ရွာစိုး ရွာကိုတော့ရောက်နေတယ်၊ အဲ့ရွာကနေ မြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ရွာတွေကို စကစ က ဒရုန်းနဲ့ ဗုံးသီးတွေ လိုက်ချနေတယ်” ဟု ရဲဘော် ဇီးရိုးဝမ်းက ဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှု့ကို ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ) ၊ဗိုလ်ဇင်ယော် PDF တပ်ဖွဲ့ ၊Nine PDF တပ်ဖွဲ့နှင့် Northern Tigers Group တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ ထိခိုက်မှုမရှိခဲ့ပေ။
ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်က ပုဏ္ဏားကြီးရွာကို ပထမ အကြိမ် ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းမိခဲ့သည့် ပျူစောထီးများအား သတိပေးကာပြန်လွှတ်ပေးခဲ့သော်လည်း ယခုအချိန်ထိ ပျူစောထီး အလုပ်များအား ဆက်လက်လုပ်ဆောင်နေသောကြောင့် ဒုတိယ အကြိမ် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။