ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း-၂ ၊ အပတ်စဥ် (၆) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပ
တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း – ၂ ၊ အပတ်စဥ် (၆) သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း မြိတ်ခရိုင်၊ တပ်ရင်း – ၂ ၏ တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း – ၂၊ အပတ်စဥ် (၆) သင်တန်းဆင်း ရဲဘော်များမှ စစ်ကြောင်းပုံစံဖြင့် ချီတက်နေရာယူကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အလံတော်အား အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ သစ္စာအဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်း၊ ကတိသစ္စာရေ တိုက်ကျွေးခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း – ၂ ၏ တာဝန်ရှိ ပုဂ္ဂိုလ်များမှ မိန့်ခွန်းစကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားအစီအစဥ် နောက်ဆုံးတွင် မြိတ်ခရိုင်၊ တပ်ရင်း – ၂၊ အပတ်စဥ် ၆ သင်တန်းဆင်း ရဲဘော်များမှ တာဝန်ရှိသူများကို စစ်ကြောင်းပုံစံဖြင့် အလေးပြုကာ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ကြောင်း တပ်ရင်း – ၂ ၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ အခြေခံစစ်ပညာ သင်တန်းနှင့်ပတ်သက်၍ ” သင်တန်းသား ဦးရေ ၁၀၀ နီးပါးနဲ့ ရာသီဥတုက အရမ်းပူတော့ သင်တန်းကာလကို အချိန်တစ်လနဲ့ပဲ သင်ကြားခဲ့တယ် “ ဟု ၎င်းက ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း – ၂၊ တနင်္သာရီမြို့နယ် (ပ.က.ဖ)၊ မြိတ်မြို့နယ် (ပ.က.ဖ)၊ ကျွန်းစုမြို့နယ် (ပ.က.ဖ) တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ ဂိတ်စခန်းကို ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ သေနတ် ၁ လက်ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။