တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ လက္ကူးကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်သဖြင့် ပြည်သူလေးဦးသေဆုံးခဲ့ကြောင်း ပုလော ပုလောPDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(စက်တင်ဘာ ၁၇ရက်)က စစ်ကောင်စီတပ်သည် လက္ကူးရွာရှိ နေအိမ် ၁၀ လုံးခန့်အား မီးရှို့ခဲ့ပြီး၊ မိသားစုဝင် လေးဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
“ မနေ့က သတ်ခံရတဲ့ မိသားစုဝင် ၄ဦးက အဖေတစ်ယောက်၊ သားတစ်ယောက်၊ သမီးတစ်ယောက်၊ တူမတစ် ယောက်ကို သေနတ်နဲ့ပစ်သွားတာ။ ပြီးတော့ အိမ်ကိုမီးရှို့သွားတယ်။ အဲ့ဒီအိမ်က ပိုက်ဆံရှိတယ်ပေါ့။သိန်း ၃ထောင်ဖိုးလောက်ပါသွားတယ် “ ဟု ၎င်းက ပြောသည်။
လက္ကူးရွာတွင် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ၁၅ ရက်နေ့မှ ၁၆ ရက်အထိ နေအိမ် ၁၆လုံး၊ ၁၇ ရက်နေ့တွင် နေအိမ် ၁၀ လုံးအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း လက္ကူးရွာ ဒေသခံ တစ်ဦးက ပြောသည်။
“ စက်တင်ဘာလ ၁၅ရက်နေ့ကနေ ၁၇ရက်နေ့အထိ ရွာထဲမှာတိုက်ပွဲဖြစ်တာပေါ့။ သူတို့က ၁၅ရက်နေ့ ကနေ ၁၆ရက်နေ့အထိ နေအိမ် ၁၆လုံးကို မီးရှို့တယ်။မနေ့က(စက်တင်ဘာ ၁၇ရက်) နေအိမ် ၁၀လုံးမီးရှို့သွားတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် စက်တင်ဘာ ၁၇ ရက် မနက် ၆နာရီ၌ စစ်ကောင်စီတပ်နှင့် ပုလောPDFပူးပေါင်း တပ်ဖွဲ့တို့ လက္ကူးရွာတွင် ၃နာရီကြာထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ပြန်ဆုတ်ချိန်တွင် နေအိမ်များကို မီးရှို့ခဲ့သည့်အပြင် ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ပုလော PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စစ်သားတွေက မနေ့(စက်တင်ဘာ ၁၇ရက်)က ၂နာရီလောက်မှာ ရွာကထွက်သွားပြီးတာနဲ့ ရွာကို လက်နက်ကြီးနဲ့ထုတာ။၁၀လုံးပစ်တယ်။လက္ကူးရွာထဲက အသက်၅၀ကျော်အရွယ် ဦးသန်းဇော်ရဲ့ ဗိုက်ကို လက်နက်ကြီးစထိပြီး သေသွားတယ်။သဂြိုဟ်ပေးပြီးပါပြီ” ဟု ၎င်းက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် လက္ကူးကျေးရွာမှ မိသားစုဝင် လေးဦးကို ယမန်နေ့(စက်တင်ဘာ ၁၇ရက်) ညတွင် ပုလောPDFပူးပေါင်းတပ်ဖွဲ့မှ မီးသဂြိုဟ်ပေးခဲ့ကြောင်းသိရသည်။