ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြေပြိုကျခဲ့ပြီး အိပ်ပျော်နေသည့် ဇနီးမောင်နှံ ၂ ဦး ယနေ့တွင် မြေပိသေဆုံးသွားကြောင်း သိရသည်။
ယနေ့ နံနက် ၃ နာရီခန့်က တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ဆန်ဆိုင်းခ၊ ဝမ်မိုင် ရပ်ကွက်သစ် (ဈ) အနီးရှိ နေအိမ်တစ်လုံးပေါ်သို့ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်အတွင်းရှိ လင်မယား နှစ်ဦး သေဆုံးသွားကြောင်း ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါ လင်မယားနှစ်ဦး၏ အလောင်းအား ယနေ့ နံနက် ၈ နာရီခန့်က ရှာဖွေတွေ့ရှိခဲ့ပြီး ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ စနစ်တကျ ထုပ်ပိုးကာ တာချီလိတ်ပြည်သူ့ဆေးရုံကြီး၊ မော်ကြူရီသို့ ရင်ခွဲအတည်ပြုရန် ပို့ဆောင်ပေးခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဒီနေ့ မနက် ၆ နာရီက ကျွန်တော်တို့အသင်းကို ဆက်သွယ်လာတယ်။ မြေပြိုကျလို့ အိမ်တစ်လုံးပါသွားတယ်။ အဲ့ဒီအိမ်က ဇနီးမောင်နှံနှစ်ယောက် ပျောက်နေတယ်ဆိုလို့ သက်ဆိုင်ရာကို အကြောင်းကြားပြီး ရှာဖွေကယ်ဆယ်ရေးသွားလုပ်တာပေါ့။ မနက် ၈ နာရီလောက်မှာ DB (အလောင်း) တွေ့တယ်။ အိပ်ပျော်နေရင်း သေဆုံးသွားတာပေါ့။ ရင်ခွဲစစ်ဆေးပြီးပါပြီ” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက်ပိုင်းက သေဆုံးသွားသည့် လင်မယားနှစ်ဦးမှာ တာချီလိတ်မြို့သို့ အလုပ်လာရောက်လုပ်ကိုင်သည့် အသက် ၂၃ နှစ်အရွယ် မောင်နေအောင်နှင့် အသက် ၂၂ နှစ်အရွယ် မဇလပ်ဖြူတို့ဖြစ်ပြီး ပါလျှံ ၁ ရပ်ကွက်အတွင်း နေထိုင်ကြသူများဖြစ်ကြောင်း တာချီလိတ်မြို့နေသူတစ်ဦးက ပြောသည်။
“ သူတို့က ရွှေ့ပြောင်းအလုပ်သမားတွေပေါ့။ မလှိုင်ကလာကြတာ။ ဇာတိက ဆည်တိုအုပ်စု၊ ဆည်ကွဲရွာပေါ့။ လင်မယားနှစ်ယောက်စလုံး ငယ်ငယ်လေးတွေပဲ ရှိသေးတယ်။ ညက မိုးက အရမ်းရွာတာ။ မုန်တိုင်းရှိလို့ ဖြစ်မှာပေါ့။ မနက် ၃ နာရီလောက်မှာ မြေပြိုကျတာ။ စိတ်မကောင်းပါဘူး” ဟု တာချီလိတ်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မြေပိသေဆုံးသွားသည့် လင်မယားနှစ်ဦးအား ယနေ့ နံနက် ၁၂ နာရီခန့်က တာချီလိတ်ပြည်သူ့ဆေးရုံကြီး မော်ကြူရီမှ ထုတ်ကာ ပါလျှံ ၁
အလိုတော်ပြည့် ဘုန်းကြီးကျောင်း နာရေးဆောင်သို့ ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။