ချင်းပြည်နယ်အထိ ရိက္ခာပို့ရန် ထွက်ခွာလာသော စစ်ယာဉ်တန်းမှာ PDF တို့၏ တိုက်ခိုက်မှုကြောင့် တစ်လကျော်ကြာသည့်တိုင် ပေါက်မြို့နယ်ကို မကျော်သေးကြောင်း သိရသည်။
ကား အစီး၁၀၀ကျော်ပါလာသည့် စစ်တပ်ရိက္ခာပို့ ယာဉ်တန်းသည် မတ်လ၁၈ရက်က ပခုက္ကူမှ ထွက်လာခြင်းဖြစ်ပြီး ယခုအချိန်ထိ ပခုက္ကူ-ပေါက် ကားလမ်းမဘေး ဝဲယာ ရှိ ၎င်းတို့၏ အထိုင်စခန်းနှင့် ပျူစောထီး ရွာအချို့သို့သာ ရိက္ခာ ပို့နိုင်သေးကြောင်း မြိုင်ပကဖ ထံက သိရသည်။
“ အခု တစ်လ ရှိသွားပြီပေါ့။ ပခုက္ကူနဲ့ ပေါက် လမ်းမ ဘေးမှာ ရှိတဲ့ ပျူရွာအနည်းငယ်နဲ့ အထိုင်စခန်းတွေလောက်ပဲ ပို့နိုင်သေးတယ်။ ချင်းပြည်နယ်ဘက်မပြောနဲ့။ ပေါက်မြို့နယ်ထဲတင်ကို မနည်း ကျန်သေးတယ်” ဟု မြိုင် ပကဖမှ တာ၀န်ရှိသူ တစ်ဦး က ပြောသည်။
ယင်း ရိက္ခာ ယာဉ်တန်းမှာ ပခုက္ကူ _ပေါက် ကားလမ်းမ ဝန်းကျင်ရှိ ကမ္မ နယ်မြေ ရဲစခန်း၊သာကြီးတောင် ရေနံမြေ၊ အုန်းတောဂိတ်၊ ယာကြီးပြင်ပျူစောထီးရွာ၊ကုက္ကိုလ်စု ပျူစောထီးရွာ ၊ဒီးဒုတ်ကွင်း ပျူစောထီး ရွာနှင့် ပေါက်မြို့ ပေါ်သို့သာ ရိက္ခာ များ ပို့နိုင်သေးပြီး ပေါက်မြို့နယ် အတွင်း၌ပင် ရိက္ခာပို့ရန် စစ်တပ်အထိုင်ချ စခန်းနှင့် ပျူရွာ များစွာ ကျန်သေးကြောင်း သိရသည်။
လက်ရှိတွင် ပေါက်မြို့၌ ရိက္ခာ များ ချကာ ရိက္ခာပို့ကားအချို့နှင့်အတူ စစ်ကောင်စီလက်အောက်ခံ ၀န်ထမ်းများ တင်ကာ ပခုက္ကူဘက်သို့ ပြန်လည် ဆုတ်ခွာ လျက် ရှိကြောင်း သိရသည်။
“ ခု ပြန်လာတာ ကား အစီးရေ ၄၀ ကျော်လောက်နဲ့ စစ်သား အင်အား ၈၀ ၀န်းကျင် ပါတယ်။ ၀န်ထမ်းတွေလည်း ပါလာတယ် သိရတယ်။ ယာဉ်တန်း တစ်၀က်ကျော်ကို ချင်းဘက်ကို ဆက်တက်ဖို့ ထားခဲ့တာ ဖြစ်မယ် ။အ ခု ကမ္မ အနောက်ဘက်ကို ပြန်ရောက်နေပြီ” ဟု ကမ္မ တပ်ပေါင်းစုမှ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။
ရိက္ခာများနှင့် စစ်သားများမှာ ပေါက်မြို့နှင့် ပေါက်မြို့နယ်အတွင်းရှိ ကပစ -၂၄ ၌ ရှိနေကြောင်း ပေါက်အခြေစိုက် တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောသည်။
“ သူတို့(စစ်တပ်) ပေါက် မြောက်ပိုင်းနဲ့ ချင်းဘက်ကို တက်ဖို့ ပြင်နေကြ ပုံပဲ” ဟု ၎င်းကပြောသည်။
ယင်းရိက္ခာ ပို့ ယာဉ်တန်းမှ ကား ၁၃ စီးမှာ ဒေသခံတော်လှန်ရေးတပ်တို့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။