စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ဇူလိုင်လ၂၈တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဖမ်းဆီးခံရသည့်အရေအတွက်မှာ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းသိရသည်။
“မနေ့ကPDFအင်အား၅၀၀လောက်သွားတိုက်ကြတယ်။ အဲ့မှာအတော်များများအဖမ်းခံလိုက်ရတယ်။ ရာဂဏန်းနီးပါးလောက်တော့ကြားတယ်။ ဒါကကျနော်ကြားတာပါ။ ကျနော်တို့အနေနဲ့ ဒေသခံPDFတွေကို ဆက်သွယ်ဖို့ကြိုးစားနေတုန်းပဲ။ အရေအတွက်အတိအကျကတော့ပြောနိုင်ဖို့ခက်လိမ့်မယ်။ လောလောဆယ်တော့အားလုံးပြေးနေကြတုန်းပဲ ” ဟု မင်းကင်းPDFနှင့်နီးစပ်သူတစ်ဦးကMPAသို့ပြောသည်။
ဇူလိုင်လ၂၈ရက်နေ့တွင် မင်းကင်းရှိဒလန်ရွာများဖြစ်သည့် ပန်းဆက်ရွာနှင့်တောင်ဖြူရွာနှစ်ရွာကို ဝိုင်းခဲ့ကြောင်း မြေပြင်သတင်းများအရသိရသည်။ စစ်တပ်အနေဖြင့် ဒလန်ရွာနှစ်ရွာကိုတိုက်ခိုက်သည့်အတွက် အင်အားအများအပြားအသုံးပြုပြီးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒေသခံအချို့၏ပြောပြချက်အရ ပန်းဆက်ရွာနှင့်တောင်ဖြူရွာသည်ဒလန်များ၊ ပျူစောထီးများ စုပေါင်းနေထိုင်သောရွာမဟုတ်ဘဲပြည်သူ့စစ်များ၊ ရဲမိသားစုဝင်များ အများအပြားနေထိုင်သောရွာဖြစ်ပြီး ယခင်ကတည်းက ကတုတ်ကျင်းများပါရှိနေကြောင်း သိရသည်။
ဇူလိုင်လ၂၈ရက်တွင်ဖြစ်ပွားခဲ့သောဖြစ်စဉ်အသေးစိတ်နှင့်ပတ်သက်ပြီး သေချာစွာသိရှိခြင်းမရှိသေးသော်လည်း မနေ့ကဖြစ်စဉ်တွင်အကြမ်းဖက်စစ်တပ်မှအကျအရှုံးများရှိခဲ့ပြီး PDFမှလည်းအကျအဆုံးများရှိခဲ့ကြောင်း အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ခုကMPAသို့ပြောသည်။
မင်းကင်းမြို့နယ်ဖြစ်စဉ်နှင့်ပတ်သက်ပြီး PDFလူငယ်များအနေဖြင့် လက်နက်ပစ္စည်းဆက်သွယ်ရေးပစ္စည်းများ၊ ကောင်းမွန်သောအထောက်အပံ့များမရရှိခဲ့ခြင်းကြောင့် အများအပြားဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း ပြည်သူလူထုက ဇူလိုင်လ၂၈ရက်နေ့တွင်လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ပြောဆိုခဲ့မှုများရှိသည်။
တောင်ဖြူနှင့်ပန်းဆက်နှစ်ရွာလုံးတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး PDFဘက်မှတောင်ဖြူတစ်ရွာတည်းတွင် ၅၀ကျော်ဖမ်းဆီးခြင်းခံခဲ့ရသည်။ ပန်းဆက်ရွာတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များဖမ်းဆီးခံရခြင်း၊ သေဆုံးခဲ့ခြင်းရှိမရှိအပေါ်တွင် အတည်ပြုနိုင်ခြင်းမရှိသေးချေ။ PDFတပ်ဖွဲ့ဝင်များဖမ်းဆီးခံခဲ့ရမှုအခြေအနေ၊ အကျအဆုံးအခြေအနေ၊ လက်ရှိအခြေအနေနှင့်ပတ်သက် MPA အနေဖြင့်ဆက်လက်စုံစမ်းလျက်ရှိနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် မင်းကင်းမြို့နယ်ရှိရွာနှစ်ရွာတွင် စစ်တပ်မှတပ်စွဲပြီး နေရာယူထားလျက်ရှိနေကာ ဒေသခံPDFများအနေဖြင့်လုံခြုံဘေးကင်းသောနေရာများသို့ တိမ်းရှောင်လျက်ရှိနေကြောင်းသိရသည်။
Photo-facebook(လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသောပုံဖြစ်ပြီး ဖမ်းဆီးခံရသောပုံဖြစ်ကြောင်းအတည်ပြုပြီးဖြစ်ပါသည်။)