ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်၊ နမ့်စန် ခုတင် ၁၀၀ စစ်ဆေးရုံးတွင် တိုက်ပွဲများကြောင့် ဒဏ်ရာရ၊ ခြေတို၊ ခြေပြတ် စစ်သားများစွာ ရောက်ရှိကာ ဆေးကုသမှုခံယူနေရပြီး ကုတင်နေရာများ မလောက်ငှသည့်အတွက် ဝရန်တာများတွင်ပါ နေရာချထား ဆေးကုပေးနေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှ စတင်ကာ ရှမ်းနှင့် ကရင်နီနယ်စပ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲများကြောင့် စစ်ကောင်စီဘက်မှ တပ်ရင်းအလိုက် အစုလိုက် အပြုံလိုက် သေဆုံးမှုများ ရှိခဲ့ပြီး ဒဏ်ရာရ စစ်သားအရေအတွက်မှာလည်း များစွာ ရှိခဲ့သည်။
နေ့စဉ်နှင့် အမျှ ထပ်မံဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်လည်း ဒဏ်ရာရစစ်သားများ ပိုမိုများပြားလာနေဆဲ ဖြစ်ကြောင်း၊ ကရင်နီနှင့် ရှမ်းတောင်တိုက်ပွဲများတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သားများကို နမ့်စန် စစ်ဆေးရုံကိုသာ တင်ပို့နေတာ ဖြစ်သည့်အတွက် ကုသရာ နေရာ ပိုခက်ခဲလာနေသည်ဟု သိရသည်။
“ နမ့်စန် ဆေးတပ် အမှတ် ၈ ခုတင် ၁၀၀ စစ်ဆေးရုံမှာ ရှမ်း- ကရင်နီ နယ်စပ်တိုက်ပွဲတွေကနေ ဒဏ်ရာရထားတဲ့ စစ်သားတွေ အများကြီး ရောက်နေတယ်။ အကုန်လုံးနီးပါး အတိုတွေ အပြတ်တွေ ဖြစ်နေတာ။ အခြေအနေဆိုးတဲ့ သူတွေလည်း များတယ်။ အရေအတွက်က တော်တော်များတယ်။ ဆေးရုံတခုလုံးကို အပြည့်ပဲ။ ခုတင်မရှိ၊ အခန်းမရှိလို့ ဒီအတိုင်း အပြင်မှာထားပြီး ကုနေရတဲ့သူတွေ အများကြီးပဲ။ စစ်ဆေးရုံမှာ ဒဏ်ရာရ အတို၊ အပြတ် စစ်သားတွေများလို့ ဆေးရုံက ဆရာဝန်၊ ဆရာမတွေက စစ်မှုထမ်းဟောင်းနဲ့ စစ်သားမိသားစုဝင်တွေကို ဆေးကုသမှု မပေးနိုင်တော့လို့ အပြင်ဆေးရုံတွေကို သွားကုသဖို့ နှင်လွှတ်နေတယ်” ဟု တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က MPA သို့ ပြောသည်။
မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကရင်နီပြည်နယ်၊ ဒေါတမကြီးကျေးရွာထဲသို့ ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို KIA, KNDF/B (10), KNDF/B (15), KNDF/B (16), FNDF/ETD, နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ပူးပေါင်းကာ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ အရာရှိများ အပါအဝင် ၉၀ ကျော် သေဆုံးကာ ၅၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကာ ယင်းတိုက်ပွဲများမှ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KNDF မှ ထုတ်ပြန်ချက်များအရ သိရသည်။