တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သိန်းထောင်ချီတန်ဖိုးရှိ ရော်ဘာခြံ တောင်နှစ်လုံးကို ပုလောအခြေစိုက်စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ်လ ၂၃ရက်နေ့ မနက်ပိုင်းတွင် ပုလောမြို့နယ်၊မှော်မိရွာနှင့် နန်းတောင်ရွာကြားရှိ ရော်ဘာပင်များ စိုက်ပျိုးထားသည့် တောင်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ မတ်လ ၂၄ရက်နေ့ညပိုင်းမှ မီးငြိမ်းသွားကြောင်း မှော်မိရွာသားတစ်ဦးက ပြောသည်။
“ စစ်တပ်က စစ်ကြောင်းလိုက်ရောက်လာပြီး မီးရှို့တာ။တိုက်ပွဲက မနေ့ကဖြစ်တယ်။လက်နက်ကြီးတွေလည်း ပစ်တာ ခဏခဏပဲ။ရော်ဘာခြံတွေကတော့ တောင်နှစ်လုံးကုန်သွားတယ်။မီးသတ်ကလည်း မလာဘူး။လူတွေတော့ဘာမှ မဖြစ်ပေမယ့် ခြံပိုင်ရှင်တော့ နစ်နာသွားတာပေါ့။ရော်ဘာစေးခြစ်တဲ့သူတွေလည်း အလုပ်မရှိတော့ဘူးပေါ့။ရက်စက်တယ်ဗျာ” ဟု ၎င်းကပြောသည်။
အထက်ပါ မီးရှို့ခြင်းနှင့် ပတ်သက်ပြီး ပုလောအခြေစိုက် ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးကို MPAက မေးမြန်းရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးရှို့ခြင်းဖြစ်ပြီး စစ်သားအင်အား နှစ်ရာခန့်ဖြင့် အင်အားပြကာ စစ်ကြောင်းထိုးမည့်ဟန် ခြိမ်းခြောက်ခဲ့ကြောင်း ပြောသည်။
“ ကျွန်တော်တို့က မီးရှို့တာမြင်နေရပေမယ့် အင်အားများတော့ ဘာမှ မလုပ်ပေးနိုင်ဘူး။သူတို့ဘက်က လက်နက်ကြီးပစ်နေလို့ ခြောက်ပစ်တော့ ပစ်နေရတာပေါ့။ညနေပိုင်းလောက်မှာ ဗိုလ်ဝေလတို့သွားတိုက်တယ်။တိုက်ပွဲသတင်းကတော့ ထုတ်ပြန်မှ ပြောလို့ရမယ်။ရော်ဘာခြံရှိတဲ့ တောင်နှစ်လုံးကတော့ကုန်သွားပြီ။ဒီလိုလုပ်တာက သူတို့ကို ခြုံခိုတိုက်မရအောင် လုပ်တာနဲ့တူတယ်” ဟု ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိတွင် ပုလောမြို့နယ်ရှိ KNU တပ်မဟာ ၄၊ရင်း၇ ခွဲ၂ အနီးသို့ စစ်ကောင်စီတပ်က အင်အား ရာချီကာ စစ်ကြောင်းထိုးမည့်ဟန်ဖြင့် စစ်ရေးပြလျက်ရှိသော်လည်း စစ်ကြောင်းထိုးလာခြင်းမရှိဘဲ ထိတွေ့တိုက်ပွဲ အနည်းငယ်သာ ဖြစ်ပွားလျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။