စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း မိုင်းထိသေဆုံးသွားသော ပျူစောထီး ၂ ဦးကို စစ်တပ်က မီးရှို့ အလောင်းဖျောက်လိုက်ကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာမှ ထွက်လာသော ပျူစောထီး ၄ ဦး စီးနင်းလာသည့် ကားကို မြို့လှရွာ လမ်းသုံးခွအရောက် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့ထံကသိရသည်။
“ညောင်ကိုင်းပျူခေါင်းဆောင်စိုးနိုင်ရဲ့ လူယုံတပည့်တွေ။ သူတို့မှာ လက်နက် အပြည့်အစုံ ပါတယ်။ ဇီးဖြူကုန်းမှာ စခန်းချထားတဲ့ စစ်သားတွေဆီအသွားလမ်းပိုင်း မြို့လှရွာလမ်းဆုံမှာ မိုင်းဆွဲလိုက်တာ။ မိုင်းဆွဲပြီး ၁၅ မိနစ်လောက်အကြာမှာ စစ်ကား နဲ့ရောက်လာပြီး သေသွားတဲ့ ပျူ ၂ ကောင်ကို အနီးနားက ကြက်ခြံဝန်းထဲမှာ မီးရှို့သွားကြတယ်”ဟု ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့မှ ပြန်ကြားရေး၊ ဘဏ္ဍာရေး နှင့် တိုက်ခိုက်ရေး Droneမောင်း တာဝန်ခံ ရဲဘော် ဗလကြီး ကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင်ဖိုးလုံးမှာ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သိရ သည်။
ပျူစောထီးများသေဆုံးဒဏ်ရာရခြင်းကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နှင့်အတူ ဗိုလ်ဂျပန်ကြီး(T.T.T)- SHWEBO (LPDF)အဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ -LDF၊မတစ်ထောင်( တစ်ကောင်ဘွား ) – ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုများက ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။