မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် PDF များကို လိုက်လံဖမ်းဆီးနေသည့် စစ်သားများ မိုင်းဆွဲခံရပြီး ၄ ဦး သေဆုံးကြောင်း သိရသည်။
မတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီ ခန့်တွင် ရေစကြိုထွေအုပ်ရုံးနှင့်ဆေးရုံကြီးက အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်သားများသည် အဖွဲ့ ၃ ဖွဲ့ခွဲ၍ PDF များကိုလိုက်လံဖမ်းဆီးစဥ် အမှတ်(၁)ထင်းတန်းရပ်ကွက် မီးကင်းလမ်းဆုံ၌ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း Myingyan Black Tiger-MBT ကထုတ်ပြန်သည်။
“မနေ့က ကျနော်တို့က မစ်ရှင်လုပ်ရအောင်သွားတာ။ မစ်ရှင် မအောင်မြင်ခဲ့ဘူး။ ပစ္စတို ၁ လက်နဲ့ ဆိုင်ကယ် ၁ စီးဆုံးသွားတယ်။ အဲ့ဒါကို စစ်သားတွေက အဖွဲ့ ၃ ဖွဲ့ခွဲပြီး လိုက်ရှာတာ။ ကျနော်တို့ နယ်မြေထဲ ကျွံထွက်လာတာနဲ့ မိုင်းဆွဲလိုက်တာ။ စစ်သား ၄ ယောက်သေပြီး ဒဏ်ရာရသူတွေလည်းများတယ်။ ဒဏ်ရာရသူတွေကိုတော့ ရေစကြိုမြို့မဆေးရုံမှာထားတယ်။ သေတဲ့စစ်သားတွေကိုတော့ ဘယ်မှာ သဂြိုလ်တယ်လို့တော့ မသိရဘူး”ဟု Myingyan Black Tiger-MBT တပ်ဖွဲ့ တာဝန်ခံ ရဲဘော်မိုက်ခဲ ကပြောသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
မတ်လ ၁ ရက်နေ့ကလည်း ရေစကြိုမြို့နယ် ထွေအုပ်ရုံးကို RPG၊အဝေးပစ် ပခုံးထမ်းလောင်ချာ၊ ၄၀ မမ များဖြင့် MBT တပ်ဖွဲ့က ပစ်ခတ်ခဲ့သေးသည်။