နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၏ အပတ်စဉ် ၁ စစ်သင်တန်း စတင်နေပြီဖြစ်ကြောင်း သိရသည်။
အပတ်စဉ် ၁ စစ်သင်တန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KNU မှ သင်တန်းလာရောက်ပေးခြင်းဖြစ်ကြောင်း နေပြည်တော်ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက ပြောသည်။
“ KNU ဘက်က ဆင်းလာတဲ့ ဆရာက သင်တန်းပေးတာပါ။ ကျွန်တော်တို့ ရဲဘော်တွေက အရင်ကတည်းက စစ်သင်တန်းတက်ထားပြီးသား။ မဟာမိတ်တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေတိုက်နေတာပေါ့။ ဒါပေမယ့် အခုဟာက တစ်စုတစ်စည်းတည်း ပထမဆုံး သင်တန်းတက်ရတာပေါ့” ဟု ၎င်းကပြောသည်။
နေပြည်တော် ပကဖ ရဲဘော် ၄၀ကျော်ကို စစ်ရေးအခြေခံမှ စတင်ကာသင်ကြားပေးနေပြီး သင်တန်းကာလမှာ ၂လကျော်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
“ ဒီသင်တန်းက အခြေခံကနေစသင်တာ။ အုပ်ချုပ်ရေးနာခံမှုတွေ၊ အဖွဲ့အစည်းလိုက် လှုပ်ရှားတာတွေ ပစ်ခတ်စဉ်၊နှိမ်နင်းမှုတွေနဲ့ ဗျူဟာဆွဲတာတွေ အကုန်ပါတယ်။ အခုက အဖွဲ့ကို ပိုမိုကောင်းမွန်လာပြီး စနစ်ကျအောင် တစ်ဆင့်မြှင့်တဲ့သဘောပေါ့” ဟု ၎င်းက ဆကလက်ပြောသည်။
နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် ၄၀မမ၊ ၆၀မမ နှင့် ၁၂၀မမ များကို ကိုယ်တိုင်ထုတ်လုပ်ကာ မဟာမိတ်တပ်များအား နည်းပညာမျှဝေပေးခဲ့ပြီး လတ်တလော၌ စစ်ဆင်ရေးလှုပ်ရှားမှုများနားကာ စစ်သင်တန်းကိစ္စကိုသာ ဦးစားပေးလုပ်ဆောင်နေကြောင်း MPAက စုံစမ်းသိရသည်။










