မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်းနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း PDF-Yenangyaung ထံက သိရသည်။
ဇန်နဝါရီ ၃၁ ရက် ည ၇ နာရီခန့်တွင် အင်အား ၁၂ ဦးခန့်ရှိသည့် ရဲစခန်းကို မိုင်းဖောက်ခွဲပြီး ဝင်ရောက်တိုက်ခိုက်ရာ ရဲ တပ်သား ၁ ဦး သေဆုံးကာ ၁ ဦး လက်ပြတ်သွားပြီး ကျန်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရှိခဲ့သည်။
“ရဲခွေး ၁ ယောက်ကျတယ်။ ၂ယောက် ဒဏ်ရာရတယ်။ ၂ ယောက်ထဲက ၁ ယောက်က လက်ပြတ်သွားတယ်။ ပြည်သူတစ်ယောက် သေဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သေဆုံးသူ လူငယ်ရဲ့ အမည်နဲ့ နေရပ်ကို စုံစမ်းနေဆဲပါ”ဟု PDF-Yenangyaung (မကွေးခရိုင်အမှတ်-၂တပ်ရင်း)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာစဥ် ရဲတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် အသက်၂၂ နှစ် အရွယ် အရပ်သား လူငယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်များက သဂြိုလ်လိုက်ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရခြင်းနှင့် ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
ယနေ့နံနက်ပိုင်းတွင် လက်မှတ်ကုန်းနယ်မြေရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်အင်အား တပ်စိတ် ၂ စိတ်ခန့် အင်အားတိုးမြှင့်ထားပြီး ရဲစခန်းရှေ့ လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ဟု သိရသည်။
ယနေ့ နံနက်ခင်းမှစ၍ ရေနံချောင်းမြို့တွင် မြို့ခံများက အသံတိတ်သပိတ် ပြုလုပ်နေသဖြင့် မြို့တွင်း လမ်းသွားလမ်းလာများ ရှင်းလင်းနေကြောင်း သိရသည်။