စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမီးရှို့ပြီး ဖမ်းဆီးမိသည့် ဝန်ထမ်းများ အား ပြန်လွှတ်ပေးခဲ့ကြောင်း People’s Army to Fight Dictatorship-PAFDထံကသိရသည်။
ဇန်နဝါရီ ၁၉ ရက် ည ၇နာရီကျော်၌ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက်မဲစာရင်း ပြုစုနေသော ဝန်ထမ်း ၅ ဦးရှိသည့် လဝက ရုံးကို တော်လှန်ရေးရဲဘော် ၁၀ ဦး ဝင်ရောက်စီးနင်း ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးအင်အားစုက မြင်းမူမြို့လဝကရုံးသို့ဝင်လာစဉ် လဝကရုံးနှင့် ကပ်လျက်ရှိ မြို့နယ်မီးသတ်ရုံးဝန်းထဲတွင် မီးလှုံနေသူ၅ဦးကို တွေ့ရပြီး လဝကရုံးထဲသို့ ဝင်သွားစဉ် အလုပ်လုပ်နေ သည့်ဝန်ထမ်းတချို့ ထွက်ပြေးကြကြောင်း PAFD တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တေဇ ကပြောသည်။
“မီးသတ်တွေ ကမီးလှုံနေတာ။ကျနော်တို့ကို မမြင်တာလား, မမြင်ချင်ယောင်ဆောင်လားကတော့ သူတို့ပဲသိမယ်။ရုံးက ကပ်လျက်ဆိုတော့ ဝန်ထမ်းတွေကရောနေတာ။ ဖမ်းမိတဲ့ ဝန်ထမ်းတွေလည်းရှိတယ်။သူတို့က ဒူးထောက်ပေးတယ်။ကျနော်တို့ က ဒူးမထောက်ခိုင်းဘူး။အေးအေးဆေးဆေးပြောပြီး ပြန်လွှတ်ပေးလိုက်တယ်။ထွက်ပြေးတဲ့သူတွေကိုလည်း ကျနော်တို့မြင်နေရတာပဲ။ကျနော်တို့ဘာမှမလုပ်ဘူး”ဟု ၎င်းကပြောသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တို့သည် လဝကရုံးထဲ၌ မဲစာရင်းစာရွက်စာတမ်းများနှင့်ကွန်ပျူတာတို့ကို ၁၅ မိနစ်ကြာ မီးရှို့ဖျက်ဆီးပြီးနောက်ပြန်လည်ဆုတ်ခွာခဲ့ကြသည်။
“ရုံးထဲက စာရွက်၊စာတမ်းတွေနဲ့ ကွန်ပျူတာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။သူတို့ မဲစာရင်းလုပ်နေ တာ လို့ ဘာလို့ပြောနိုင်လဲဆိုရင် ကွန်ပျူတာတွေပွင့်နေတာကျနော်တွေ့ရတယ်။သိမ်းစရာ ရှိတာ သိမ်းပြီး မီးရှို့ခဲ့လိုက်ပါတယ် ”ဟု ဗိုလ်တေဇ ကပြောသည်။
လဝကရုံးထဲမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် ၁၅မိနစ်ခန့်ကြာမှသာ စစ်သား အင်အား ၄၀ခန့်ရောက်ရှိလာကာ ရမ်းသန်းပစ်ခတ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုလုံးဝမရှိခဲ့ပေ။
ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ပြည်သူလူထု၏ ထောက်ခံမှုနှင့် နယ်မြေကျွမ်းကျင်မှုတို့ကြောင့် လဝက ရုံးကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး ရုံး အဆောက်အအုံ ပါမီးစွဲလောင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို PAFD နှင့် မဟာမိတ်များဖြစ်ကြသော PF(MMU)၊ People’s Knight Defense Force Myinmu(PKDF-MMU)၊ TAUNGTHA People Defense Force(TTAPDF) ၊D.B.B.F.MMU တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၄ ရက်နေ့၌ မြင်းမူမြို့ နယ် မြောင်လမ်းခွဲတွင်အထိုင်ချတပ်စွဲထားသည့် အင်အား ၇၀ ခန့်ရှိသောစစ်သားများကို PAFD နှင့်မဟာမိတ်တပ်ဖွဲ့များက ၆၀ မမ ဖြင့်သွားရောက်ပစ်ခတ်ခဲ့သေးသည်။