တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း PDFနှင့် ဒေသခံတို့ တွေ့ဆုံပွဲပြုလုပ်ခဲ့သည့်ရွာသို့ စစ်တပ် ဝင်ရောက်လာကာ အိမ်တချို့ကို မီးရှို့သွားကြောင်းသိရသည်။
ဇန်နဝါရီ၁၀ရက်နေ့က လောင်းလုံးမြို့နယ်၊ ဟင်းချိုတောရွာသို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီးနောက် ယနေ့နံနက် ၅နာရီ ခန့်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ ဝင်ရောက်လာကာ အိမ်၅လုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ အင်အား ၂၀ နီးပါးသည် စက်လှေဖြင့် ကျောက်နီမော်ကျေးရွာမှ တစ်ဆင့် ဟင်းချိုတောရွာကို ရောက်ရှိလာပြီး သေနတ် ပစ်ဖောက်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
“သူတို့က ယူနီးဖောင်းတွေနဲ့ ရွာထဲ သေနတ် ပစ်ဖောက်ပြီး ဝင်လာတော့ အကုန်လုံး ကြောက်နေရတယ်၊ ဖုန်းတွေ အကုန်သိမ်းသွားတယ်”လို့ ဟင်းချိုတောရွာခံတစ်ဦးက ပြော သည်။
စစ်တပ်မီးရှို့သောကြောင့် နေအိမ်လေးလုံးမှာ မီးလောင်ပျက်စီးသွားခဲ့ပြီး ကျန်တစ်လုံးမှာ မီးလောင် ကူးစက်သွားခဲ့သလို ဆိုင်ကယ်နှစ်စီးလည်း မီးလောင်ခဲ့သည်။
“အခု မီးရှို့ခံရတဲ့ အထဲမှာ NLD ပါတီကို ထောက်ခံတဲ့ နေအိမ် အချို့လည်း ပါတယ်”လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြော သည်။
စစ်ကောင်စီတပ်နှင့်အတူ ကျောက်နီမော်ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင်များ ပါလာကြောင်း ဒေသခံများက ပြောသည်။