By MPA
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကူးစက်မြန် COVID – 19 လူနာများ ထားရှိကုသရန် နေရာမလောက်တော်သဖြင့် ယနေ့မှစတင်၍ ကိုဗစ်အတည်ပြုလူနာတချို့ကို ဆေးရုံက လက်မခံတော့ဘဲ အိမ်ပြန်လွှတ်နေကြောင်း သတင်းရရှိသည်။
အာဏာသိမ်း စစ်ကောင်စီလက်အောက်ရှိ ပုသိမ်မြို့ ကုတင် ၅ဝဝ ဆန့် ဆေးရုံကြီးမှတာဝန်ရှိသူများက အသက်ကြီးသူ၊ ရောဂါအခံရှိသူနှင့် အောက်စီဂျင်ကျနေသူများသာ ဆေးရုံတွင် ထားရှိကုသပေးပြီး ကျန်လူနာများကို အိမ်ပြန်လွှတ်နေခြင်းဖြစ်သည်။
“ ကိုဗစ်လူနာကများလာတော့ ထားစရာနေရာ မရှိတော့ဘူ။ အခုက အသက်ကြီးသူ၊ ရောဂါအခံရှိသူနဲ့ အောက်ဆီဂျင်ကျနေသူပဲ ဆေးရုံမှာ ထားတော့တယ်။ ပုသိမ်ဆေးရုံကြီးရော တိုင်းရင်းဆေးရုံရော ကိုဗစ်လူနာတွေ ပြည့်သွားပြီ။ အဲတော့ ပိုးတွေ့ပေမယ့် ရောဂါလက္ခဏာမပြသူ၊ကျန်းမာရေးကောင်းသူ၊ ရောဂါအခံ မရှိတဲ့သူဆို အိမ်ပြန်လွှတ်နေတာ“ ဟု ပုသိမ်မြို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက MPA ကို ပြောသည်။
ဧရာဝတီတိုင်း၏မြို့တော် ပုသိမ်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၃၄ ဦးတွေ့ရှိခဲ့ပြီး အဆိုပါလူနာများအနက် လူနာ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။