By MPA
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၏ နာမည်ကျော် ရွှေမုဌောစေတီတော် ရင်ပြင်တော်၌ ယနေ့ နံနက်ပိုင်းက အမျိုးသမီး ၁ ဦး အသက်ရှူကြပ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူအမျိုးသမီးမှာ ရွှေမုဌောဘုရားပေါ်ကို နံနက် ၇ နာရီဝန်းကျင်က အဖော်မပါ တစ်ယောက်ထဲ ဘုရားဖူးလာခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်တွင် ဘုရားတန်ဆောင်းတစ်ခုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်မြို့ခံများထံက သိရသည်။
“ အဲဒီအမျိုးသမီးက ဘုရားကို တစ်ယောက်ထဲလာတာ။ ဘယ်ဒေသကမှန်းလဲ မသိဘူး။ ဘုရားတန်ဆောင်းထဲ ထိုင်နေရင်းနဲ့ အသက်ရှူကြပ်ပြီး လဲကျသေဆုံးတာလို့ သိရတယ်“ ဟု ပုသိမ်မြို့ခံတစ်ဦးက MPA ကို ပြောသည်။
သေဆုံးသူအမျိုးသမီးဟာ ဘယ်သူမှန်းမသိတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ ရွှေမုဌောဘုရားဂေါပကအဖွဲ့ကို ဆက်သွယ်ဖို့ ဂေါပကအဖွဲ့က လူမှုကွန်ရက်ကတဆင့် သတင်းထုတိပြန်ထားကြောင်း သိရသည်။
ဧရာဝတီတိုင်း၏မြို့တော် ပုသိမ်မြို့မှာ ဇွန်လဆန်းပိုင်းကစတင်၍ ကိုဗစ်ကူးစက်မှုများ တဖြည်းဖြည်းမြင့်တက်ခဲ့သဖြင့် ဇူလိုင်လ ၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Stay at Home မြို့နယ်အဖြစ် သတ်မှတ်ကြေညာထားကြောင်း သိရသည်။
#ပုသိမ် #ရွှေမုဌောစေတီတော် #အမျိုးသမီး #အသက်ရှူကြပ်သေဆုံး #MPA