တပ်မဟာ၄က PDFများတောဆင်ရိုင်းအန္တရာယ်ကြောက်နေရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။
“ တောဆင်ရိုင်းက တစ်ကောင်တည်း။ဒါပေမယ့် သူ့ကြောင့်သေတာ နှစ်ယောက်ရှိသွားပြီ။တောတိုးရတာ အရင်လိုမဟုတ်ဘူး။လန့်နေရတယ်” ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကရှင်းပြသည်။
အဆိုပါ ဆင်ရိုင်းဟာ တပ်မဟာ ၄၊တပ်ရင်း ၇၊တပ်ခွဲ ၂ အုပ်ချုပ်သည့် ပုလောမြို့နယ်၊ပြင်ကြီးရွာမှာ သစ်တုံးဆွဲနေသည့် လူအသုံးပြုဆင်ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ရက်နေ့ညနေ ၄နာရီခန့်က KNUတပ်မဟာ ၄ထိန်းချုပ်သည့် ပြင်ကြီးရွာမှာ သစ်တုံးဆွဲနေရင်း ညည်းသံ ၃ချက်ပေးကနှာမောင်းမြောက်ပြီး အနီးအနားရှိ ဆင်ဦးစီးမှုးနှင့်အတူစကားပြောဆိုနေသည့် ရွာသားတစ်ဦးတို့ကို တက်နင်းကာ အနီးရှိ တောထဲသို့ ထွက်ပြေးသွားခဲ့တာဖြစ်သည်။
“ တောထဲဝင်ပြေးသွားတာ။လိုက်ရှာတာလဲမတွေ့တော့ဘူး။မုန်ယိုသွားတာဖြစ်မယ်။အစက ဆင်လိမ္မာပဲ အခုအရိုင်းတောစိတ်ဝင်သွားတာပေါ့” လို့ ပြင်ကြီးရွာအုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
တနင်္သာရီတိုင်း၊ပုလောမြို့နယ်က KNUထိန်းချုပ်သည့် တပ်မဟာ ၄၊တပ်ခွဲ ၂ရှိရာပြင်ကြီးရွာက ဆင်နင်းခံရသည့် အမျိုးသားနှစ်ဦးတို့အလောင်းကို ပြန်လည်ရရှိခဲ့ပြီးဆင်ရိုင်းကိုတော့ ပြန်လည် ဖမ်းမိခြင်းမရှိသေးတာကြောင့် ယင်းတောအနီးတဝိုက်မှာနေထိုင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့(PRDF)တို့က ညဘက်တွေမှာ စိတ်ပူနေရတာဖြစ်သည်ဟု သိရသည်။
“ ဆင်ရိုင်းကတောထဲလျောက်သွားနေတာ။အရင်က ဆင်ယဉ်ဆိုတော့ လူအထာနပ်တယ်။အခု အလေးသွားရင်တောင် သေနတ်ထမ်းသွားနေရတယ်။တကယ်နဖူးတွေ့ဒူးတွေ့တွေ့ရင် မလွယ်ဘူး။ဆင်နင်းတက်လို့သေသွားတဲ့သူတွေကြည့်ရတာမသက်သာဘူး။အိပ်ကောင်းခြင်းလည်းမအိပ်ရပါဘူးဗျာ” ဟု ပုလောဒေသခံကာကွယ်ရေးတပ်ဖွဲ့(PRDF)ခေါင်းဆောင်တစ်ဦးက ရှင်းပြသည်။
#MPA #တောဆင်ရိုင်း #PDF #ကရင်ပြည်နယ် #Myanmar