ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊အောင်နန်းရပ်ကွက်အတွင်းရှိ မီးရထားဝန်းအတွင်းရှိအိမ်အချို့ကို ဇွန်လ ၁၅ ရက်နောက်ဆုံး ဖျက်သိမ်းရန်စစ်ကောင်စီက နှုတ် မိန့်ပေးထားကြောင်း သိရသည်၊၊
မီးရထားဝန်းအတွင်းရှိ အစိုးရ ဆောက်ထားသော အိမ်များက လွဲပြီး ကျန်အိမ်များကို ဖျက်သိမ်းပေးရမည်မှာသေချာနေပြီဖြစ်၍ ယနေ့ မှစကာ အိမ်အချို့ စတင်ဖျက်နေကြောင်းသိရသည်၊၊
“ကျနော်တို့က မေလ ၃၀ရက်ကမှ ပြန်သိရတာ၊ နို့တစ်စာ တော့မပို့သေးဘူး။ နှုတ်မိန့်နဲ့ ဇွန်၁၅ရက်နေ့အတွင်းအပြီးဖျက်ရမယ်တဲ့။ မနှစ်ကလည်းအဲ့လိုပြောတယ်၊ဒီတခါတော့ တကယ်ဖျက်ကြရပြီး။ တချို့တွေလည်း ရွှေ့စရာရှိတာရွှေ့၊ သိမ်းစရာရှိတာသိမ်းနေပြီ”ဟုမီးရထားဝန်းအတွင်းရှိ ပြည်သူတစ်ဦးက MPAသို့ ပြောသည်။
ဖျက်သိမ်းခံရသော အိမ်များမှာ မီးရထားဝန််ထမ်းများကို အစိုးရက မြေပေးထားပြီး ကိုယ့်စရိတ်နှင့် ကိုယ် အိမ်ဆောက် နေထိုင်ခွင့်ပြုခဲ့သော အိမ်များဖြစ်သည်။
“ကျနော်တို့ကတော့ ခြံကွက်တစ်ကွက်ရှိတယ်။ ဒီကဖျက်လိုက်တဲ့ ပျဉ်တိုပျဉ်စတွေနဲ့ ဖြစ်သလို ယာယီ ပြန်လုပ်ပြီးနေရမယ်၊အိမ်တစ်လုံးပြန်ရဖို့ကတော့ ဈေးရောင်းပြီး စုရဦးမယ် ”ဟု မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်၊၊
ဖျက်သိမ်းခံရသည့် အိမ်ထောင်စု၃ပုံ ၂ပုံခန့်သည် လက်လုပ်လက်စားများနှင့် ပင်စင်စား များဖြစ်၍ အခက်အခဲဖြစ်နေကြောင်း အငြိမ်းစားမီးရထားဝန်ထမ်းတစ်ဦးကပြောသည်။
“လောလောဆယ်တော့ အိမ်ငှါးနေရမယ်၊မဖြစ်မနေ ရွှေ့ကြရတော့မယ်၊တစ်သက်လုံး ပင်စင်ယူပြီးတဲ့အထိ နေခဲ့တော့ ခက်ခဲတယ်၊ဝန်ထမ်းတန်းလျားအိမ်ရာတောင်မရဘူး”ဟု ၎င်း ကပြောသည်။
မီးရထားဝန်းအတွင်း ဖျက်သိမ်းခံရသည့် အိမ် ၁၀၀ ထပ်မနည်း ရှိကြောင်းသိရသည်။