By MPA CJ 014
ရန်ကုန်မြို့ ၊စမ်းချောင်းမြို့နယ်အတွင်း လူငယ်၁၆ဦးကို စစ်တပ်နှင့်ရဲတို့ က ဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရသည်။
မေလ ၂၅ရက်နေ့ ၊နံနက် ၂နာရီခွဲခန့်မှ နံနက် ၄နာရီ အတွင်း စစ်ကောင်စီတပ်နှင့် ရဲများက စမ်းချောင်းမြို့နယ်၊ဝေဠုဝန်(မြောက်)ရပ်ကွက်အတွင်းရှိ လူငယ် ၁၆ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike) ဥက္ကဌက ပြောသည်။ “ မနေ့က မနက် ၂နာရီခွဲက ၄နာရီကြားမှာ ဖမ်းတာပါ။လုံးဝအရပ်ဝတ်တွေချည်းပဲ ။လက်နက်တွေပါတယ်။အရင်ဆုံး ကောင်လေး နှစ်ယောက်ကိုဖမ်းတယ်။ဖမ်းပြီးတော့ သူ့သူငယ်ချင်းအိမ်တွေကိုမေးတယ်။လိုက်ပြခိုင်းပြီးဖမ်းတယ်။ဖမ်းမယ့်အချိန်မှာပြောသွားတာက မင်းတို့ဒီရက်ပိုင်းအတွင်း ဝတ်တဲ့အင်္ကျီတွေပြလို့ပြောတယ်။အိမ်တော်တော်များများကို ဝင်လည်းစစ်ပြီးရော လူငယ်၁၆ယောက်ကို ကားပေါ်ခေါ်တင်သွားတယ်” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးသွားသည့် လူငယ် ၁၆ဦးကို စမ်းချောင်းမြို့မရဲစခန်းသို့ မပို့ဘဲ မည်သည့်နေရာသို့ ပို့ဆောင်ထားသလဲဆိုသည်ကို မသိရသေးကြောင်းနှင့် လူငယ်နှစ်ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ သူတို့ ညဘက်လာဖမ်းတဲ့အချိန်မှာ အရပ်ဝတ်တွေချည်းပဲ။လက်နက်တွေလည်းပါတယ်။စာရွက်တစ်ရွက်ကိုင်ထားပြီး အိမ်တွေဝင်တာဆိုတော့ နာမည်စာရင်းအတိအကျနဲ့ဖြစ်နိုင်တယ်။လူတွေဘာလို့ သူတို့ဝင်ဖမ်းတာကို သတိထားမိသွားတာလဲဆိုတော့ဝေဠုဝန်(မြောက်)ရပ်ကွက်ထဲက တိုက်တစ်တိုက်ကို ဝင်ဖမ်းတော့ အောက်ကသော့ကို သေနတ်နဲ့ပစ်ပြီး ဖျက်လိုက်တော့ ဘေးပတ်ဝန်းကျင်က သတိထားမိသွားတာ။ဖမ်းဆီးခံရတဲ့လူငယ်တွေကိုလည်း ကားပေါ်မတင်မီ ရိုက်နှက်တာမျိုးရှိတယ်။ကောင်လေးနှစ်ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ကျန်တဲ့ ၁၄ယောက်ကိုတော့ ဘယ်ပို့ထားလဲမသိရသေးဘူး” ဟု ၎င်းကဆက်လက် ပြောသည်။
ဖမ်းဆီးခံရသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း Sc Strike က စုံစမ်းနေဆဲဖြစ်သည်။ ယင်းဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ဝေဠုဝန်(မြောက်)ရပ်ကွက်နေ ပြည်သူတစ်ဦးက “ ဝင်ဖမ်းတာတော့ ကြားမိတယ်။ဆရာဝန်ကောင်လေးနှစ်ယောက်လည်းပါသွားတယ်။ ဝေဠုဝန်(မြောက်)ရပ်ကွက်ထဲက ဒလန် သုံးကောင် ချွန်လို့ ကလေးတွေပါသွားတာ။နာမည်စာရင်း၊လိပ်စာအတိအကျနဲ့ ဝင်ဖမ်းသွားတာ။ဘယ်လမ်းဘယ်အိမ်ကလဲဆိုတာတော့ သေချာမသိဘူး” ဟု ပြောသည်။ လက်ရှိတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ လူငယ်များကို စစ်ကောင်စီကဧည့်စာရင်းစစ်ပြီး ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခြင်းနှင့် လမ်းသွားလမ်းလာ လူငယ်များအား စစ်ဆေးမေးမြန်းကာ ဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။