စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က PDF များကို ဓာတု လက်နက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်ထားသည်။
မတ်လ ၁၉ ရက် ၊မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လက်နက်ကြီး ၈ လုံးပစ်ခဲ့ရာ နမခ အဝင်၊အထွက် စစ်ဆေးရေးဂိတ်ပေါ်သို့ ကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဓာတုလက်နက် ၂ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“မနေ့က နမခ ကို ၈ လုံးသွားပစ်တာ ၅ လုံးက ဂိတ်ပေါ်ကျတယ်။ သူတို့က ဓာတုလက်နက်တွေနဲ့ ပြန်ပစ်တာ။ သူတို့က ၂ ချက်ပြန်ပစ်တာ။ ကျည်က ကျနော်တို့နဲ့ ခပ်လှမ်းလှမ်းမှာ ကျရောက်ပေါက်ကွဲပြီးတော့ အဖြူရောင် မီးခိုးငွေ့တွေ ထွက်လာတာ။ ကျနော်တို့ အရင်တခါလည်း ခံရဖူးတော့ ချက်ချင်းပြန်ဆုတ်လာတာ”ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂၊ ၃၊ ၄ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၂၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၂ တပ်ခွဲ(၄)Fight For People PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဓာတုလက်နက် ဟုတ်၊ မဟုတ် MPA အနေနှင့် အတည်မပြုနိုင်ပေ။
“ဓာတုလက်နက်က ကျနော်တို့ အရင်တခါခံရဖူးတယ်။ အချိန်အတော်ကြာခံရတာ။ ခေါင်းတွေမူးဝေလာတယ်။ မျက်လုံးတွေစပ်လာတယ်။ ပျို့အန်လာတယ်။ ကျနော်တို့ ရဲဘော် တစ်ယောက် အဲ့ဒီလက်နက်ထိမှန်ပြီး မပြေးနိုင်ဘဲ အဖမ်းခံရပြီး အသတ်ခံလိုက်ရတာ။ ဒီတစ်ခါတော့ ကျနော်တို့လည်း တန်းပြီး ဆုတ်လာခဲ့တာ”ဟု ၎င်းဆိုသည်။
၂၀၂၂ ခုနှစ်, အောက်တိုဘာ ၁၀ ရက်နေ့၊ စစ်ကောင်စီတပ် က Chindwin Attack Force စခန်းကို ဝင်ရောက်စီးနင်းစဥ်ကလည်း ဓာတုလက်နက်ထိမှန်ခဲ့သည့် ရဲဘော်တစ်ဦး မပြေးနိုင်ဘဲ စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသေးသည်ဟု ဆိုသည်။