ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားအနီး ပျော်ပွဲရွှင်ပွဲ ကျင်းပမည့်နေရာကို အဝေးထိန်းဗုံး ဖြင့် သတိပေးဖောက်ခွဲခဲ့ကြောင်း People’s Defence Force Western District Yangon က ထုတ်ပြန် သည်။ ယနေ့ နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ တပ်ရင်းနှင့် မရမ်းကုန် ပကဖ တို့ ပူးပေါင်းပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ ပြည်သူထိမှာစိုးလို့ ပြည်သူလွတ်တဲ့နေရာမှာ သူတို့ကို (စစ်ကောင်စီ) သတိပေးတဲ့အနေနဲ့ ခွဲတာပါ။ ဒီညနေ ဖွင့်ပွဲတောင်လုပ်မယ်ကြားတယ်။ အခုတော့ အစီအစဥ်တွေ ပြောင်းမယ်ထင်တယ်”ဟု People’s Defence Force Western District Yangon မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီအနေနှင့် ပျော်ပွဲရွှင်ပွဲများကို လုံးဝမပြုလုပ်နိုင်အောင် တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူများအနေနှင့် စစ်ကောင်စီပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲများတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် ၎င်းက တိုက်တွန်းသည်။
စစ်ကောင်စီပြုလုပ်မည့် သင်္ကြန်ပွဲတော်တွင်လည်း ပြည်သူများ လုံးဝမပါဝင်ကြရန် ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။
ပြည်သူများအနေနှင့် စစ်ကောင်စီ၏ အတုအယောင် ပျော်ပွဲရွှင်ပွဲများ၊ စစ်ကောင်စီတပ်နှင့် အဆောက်အအုံများ၊ ရုံးစိုက်ရာနေရာများနှင့် ဝေးရာမှ ရှောင်ရှားသွားကြရန်လည်း တိုက်တွန်းထားသည်။