By MPA
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့သည် နော်ဝေအခြေစိုက် ငြိမ်းချမ်းရေး သုတေသနအဖွဲ့ Oslo (PRIO) ၏ ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ဆန်ခါတင်စာရင်းတွင် ဖော်ပြခံရသည်။
ယခုနှစ်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး လူ့အခွင့်အရေး ကာကွယ်သူများနှင့် တက်ကြွလှုပ်ရှားသူများအပေါ် အချိန်နှင့် တပြေးညီ အာရုံစိုက်လုပ်ဆောင်နေသည့် ထုတ်ပြန်မှုတစ်ခုဖြစ်သည်ဟု အသိပေးထားသည်။
ငြိမ်းချမ်းရေး သုတေသနဌာန Oslo (PRIO) ၏ ဒါရိုက်တာ Henrik Urdal အနေဖြင့် ထုတ်ပြန်ချက်တွင် လူအခွင့်အရေးအတွက် အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်မှုကို အသိအမှတ်ပြုထားသည့် ထုတ်ဖော်ပြောဆိုမှုများလည်း ရှိသည်။
ယမန်နေ့က ထုတ်ပြန်သည့် ထိုအဖွဲ့၏ ဆန်ခါတင် ငါးခုစာရင်းတွင် Narges Mohammadi and Mahbouba Seraj၊ ဦးကျော်မိုးထွန်းနှင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ Victoria Tauli-Corpuz နှင့် Juan Carlos Jintiach၊ Human Rights Data Analysis Group တို့ ပါဝင်နေသည်။
နော်ဝေအခြေစိုက် ငြိမ်းချမ်းရေး သုတေသနအဖွဲ့ (PRIO) အနေဖြင့် နှစ်စဉ်နှစ်တိုင်း နိုဘယ်လ်ငြိမ်းချမ်းရေး ဆုအတွက် ၎င်းတို့၏ လွတ်လပ်သော အကဲဖြတ်မှုအပေါ် အခြေခံပြီး ဆန်ခါတင်ရွေးချယ်ထားသူများအပေါ် ထင်မြင်ချက်များ ပေးလေ့ရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာစစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းပြီးနောက် လူပေါင်း ၂၈၀၀ ကျော် သေဆုံးပြီး ၁၇,၄၀၀ ကျော် ထိန်းသိမ်းမှုများ ခံထားရသည်။ ကမ္ဘာ့ကုလသမဂ္ဂကလည်း မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ဖြစ်နိုင်သည်ဟု အသိပေးထားသည်။
မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ယင်းသို့သော အခြေအနေများကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး နိုင်ငံတကာအနေဖြင့် မြန်မာစစ်တပ်ကို အသိအမှတ်မပြုရန် သို့မဟုတ် တရားဝင်မှုမပြုရန် ကုလအစည်းအဝေးများတွင် စဉ်ဆက်မပြတ်တောင်းဆိုခဲ့သည်။
အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သည်လည်း မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်အားလုံး အဆုံးသတ်ရန်နှင့် ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြင် အပြည့်အဝအာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် ရည်ရွယ်နေသည့်အတွက် ၂၀၂၃ ခုနှစ်၊ နိုဘယ်လ်ဆုလက်ခံယူရေးအတွက် ထိုက်တန်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။