ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ဂုံးတံတားအောက်တွင် ဗုံးပေါက်ကွဲမှုကြောင့် တပ်မတော် စစ်ဆေးရုံတွင် ကုသမှုခံယူနေရသည့် အမျိုးသမီးတစ်ဦး ယမန်နေ့ညက ထပ်မံ သေဆုံးသွားခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်း၏ အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၂ရက်နေ့ နေ့လယ် ၃ နာရီ ၁၄ မိနစ်က မြေနီကုန်း ဂုံးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာအမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် တပ်မတော် စစ်ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးကာ ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။
ယင်းနောက် ရင်ဘတ်တွင် ဗုံးစထိမှန်ခဲ့သည့် လှိုင်သာယာမြို့နယ်နေ မအေးပြည့်ပြည့်ဇော်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရင်း တစ်နာရီခန့်အကြာတွင် သေဆုံးသွားခဲ့ပြီးနောက် ဇူလိုင်လ ၁၂ရက်နေ့ ည ၁၁နာရီတွင် တပ်မတော်စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဗုံးစထိမှန်ခဲ့သူ နောက်ထပ်အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်း၏ အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
“ထပ်ပြီးသေတာပါ။ တပ်က ကိုင်တာပေါ့။ သူတို့မိသားစုထံ အကြောင်းကြားပြီး အလောင်းလာထုတ်တဲ့ကိစ္စတွေ လုပ်ကြမယ်နဲ့တူတယ်။ ကျွန်တော်တို့ဘက်ကတော့ သေချာတော့မသိရဘူး ” ဟု စမ်းချောင်းမြို့မရဲစခန်း၏ အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောသည်။
ဇူလိုင်လ ၁၂ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကို ယခုအချိန်ထိ စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် လက်ပစ်ဗုံးနှစ်လုံးဖြင့် အခင်းဖြစ်နေရာအနီးရှိ ယာဉ်ထိန်းရဲကင်းတွင် ကင်းစောင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရည်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး စုံစမ်းရရှိထားသည်ဟု ၄င်းက ဆက်လက် ပြောပြခဲ့သည်။
“ဒီအမှုက ကြီးတယ်။ လမ်းဆုံလမ်းခွမှာဖြစ်တာရယ်။ ဝါဆိုလပြည့်နေ့ကြီးဖြစ်တာကြောင့် သေချာစုံစမ်းနေပါတယ်။ တပ်ဖက်ကလဲ လိုက်နေတယ်။ စုံစမ်းကာလဖြစ်တဲ့အတွက် ပြောမရသေးပါဘူး ” ဟု ထပ်မံပြောကြားခဲ့သည်။
ရန်ကုန်အခြေစိုက် Burna Dragon Army (B.D.A)နှင့် မဟာမိတ်တပ်ဖွဲ့ တော်လှန်ရေးအင်အားစုများမှ မြေနီကုန်း၊ ဂုံးတံတားအောက် ဗုံးပေါက်ကွဲမှုအပေါ် ပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ဝမ်းနည်းရကြောင်းပြောဆိုကာ ယမန်နေ့ဖြစ်စဉ်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း ရန်ကုန်အခြေစိုက် YGN Burma Dragon Army(B.D.A ) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်Fighterမှ ဇူလိုင်လ ၁၃ရက်နေ့ (ယနေ့) ရက်စွဲဖြင့် ပြည်သူများအား အသိပေးခဲ့သည်။
ယင်းဖောက်ခွဲမှုအပေါ် MPAမှ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုများ၏ အမြင်ကိုမေးမြန်းရာ “လူအများသွားလာနေချိန် ဖြစ်တာကတစ်ချက်ပေါ့။ ကျွန်တော်တို့ Missionလုပ်ချိန်တောင် လူအများရှိနေလို့ ဖျက်သိမ်းခဲ့ရတာတွေ အဖွဲ့အသီးသီးမှာရှိကြပါတယ်။ ဒါလည်းအားလုံးအသိပဲ။ လက်ပစ်ဗုံးတွေက အဖွဲ့တိုင်းမကိုင်နိုင်ဘူး။ ဘန်ကာထဲမရောက်တာ ဖြစ်နိုင်မလားပေါ့။ ကိုယ့်ဘက်ကိုယ်ယက်တယ်ဖြစ်မှာစိုးလို့ မပြောလိုပေမယ့် စနက်တံပြုတ်ပြီး မပေါက်ဘူးလို့ သူတို့ပဲပြော။ သူတို့ပဲလုပ်ဆောင်သွားတဲ့ ဆိုက်ဝါးကို ချင့်ယုံစေလိုတယ်။ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် မနေ့ကလုပ်ရပ်ဟာ အခါကြီးရက်ကြီးဆိုတာခဏဖယ်ဦး။ အကြမ်းဖက်လုပ်ရပ်စစ်စစ်ဖြစ်တဲ့အတွက် ရှုတ်ချပါတယ် ” ဟု ယင်းတို့က မှတ်ချက်ပြုခဲ့ကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ၁၂ရက်နေ့ ဗုံးပေါက်ကွဲပြီး ၃၁မိနစ် အကြာတွင် အခင်းဖြစ်နေရာအနီးရှိ ယာဉ်ထိန်းရဲရုံးဘေးနားတွင် စနက်တံပြုတ်ပြီး မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးအမျိုးအစားအား အကြမ်းဖက်စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းစဉ် တွေ့ရှိခဲ့သောကြောင့် အခင်းဖြစ်နေရာတွင်ပင် ဖောက်ခွဲခဲ့သေးသည်။